ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အကြမ်းဖက် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ စီးပွားဘက်များ ပတ်သက်နွယ်နေသော ရွှေနဒီရွှေရည် ရုပ်သံလိုင်းထုတ်လွှင့်မှု အခမ်းအနားသို့ စစ်တပ် နံပါတ် ၃ ခေါင်းဆောင် ကျော်စွာလင်း၊ ဝန် ကြီးချုပ် ညိုစော၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း တို့ တက်ရောက်ခဲ့ကြသည်။
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက ရွှေနဒီရွှေရည် ရုပ်သံလိုင်း ထုတ်လွှင့်ခွင်ရရှိပြီး ၂၄ နာရီ ရုပ်သံဇတ်လမ်းတွဲများ၊ ရုပ်ရှင်များ အဆက်မပြတ် ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်းတို့ ရုပ်သံလိုင်း ထုတ်လွှင့်မှု ဖွင့်ပွဲ အခမ်းအနားဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့ရာတွင် စစ်တပ် နံပါတ် ၃ ခေါင်း ဆောင် ကျော်စွာလင်း၊ ဝန် ကြီးချုပ် ညိုစော၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း တို့ ပါ တက်ရောက် လာကြခြင်းဖြစ်သည်။
ရွှေနဒီရွှေရည် ရုပ်ရုင်ထုတ်လုပ်ရေးကို တင်မောင်ဝင်း ဆိုသူက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်လျက်ရှိပြီး မင်းအောင်လှိုင်၏ သမီး ခင်ရီသက်မွန်၏ စီးပွားဘက် ဝေမင်းမောင်(ခေါ်) ရွှေမန်းကလည်း ရွှေနဒီ ရွှေရည် ရုပ်ရှင် ထုတ်လုပ်ရေးနှင့်ပတ်သက်သော လုပ်ငန်းမှန်သမျှတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း သိရှိရသည်။
“၂၄ နာရီ ရုပ်သံလိုင်းဖွင့်ပွဲကို နံပါတ် ၃ စစ်တပ်ခေါင်းဆောင်နဲ့ စခဝန်ကြီးချုပ်လို လူမျိုးတွေ လာတက်ပေးရရင်တော့ မအလနဲ့ပတ်သက်တာက သေချာနေတာပဲ။ အချက်အလက်နဲ့ ပြောလို့ မရအောင် ပုန်း လျှိုးကွယ်လျှိုး နာမည်ခံတွေနဲ့ လုပ်နေတာကို ဘယ်လို အချက်အလက် ရှာပြောရမလဲ။ ရုပ်ရှင်လောကထဲကို နှစ်နည်းနည်းလောက်မှာ ငွေတွေ ပုံအောသုံးပြီး ရုပ်ရှင်ထုတ်လုပ်ရေးကို အောင်မြင်အောင်လုပ်တယ်၊ အခုတစ်ခါ ၂၄ နာရီ ရုပ်သံလိုင်း လိုဟာမျိုး လုပ်တယ်ဆိုကတည်းက မင်းအောင်လှိုင်မိသားစုလိုဟာမျိုး၊ စစ်အုပ်စုလိုဟာမျိုးနဲ့ မပတ်သက်ဘဲ ဒီလို အခွင့်အရေး ဘယ်ရမလဲ။ သာမန်စီးပွားရေးသမားဆိုရင် ဒီလိုမျိုး လုပ်ပိုင်ခွင့်မျိုး လုပ်ခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီအသိုင်းအ၀ိုင်းက ငွေအတွက်ပဲ ဘယ်သူဘာဖြစ်ဖြစ်ဆိုတာမျိုးတွေ၊ အနုပညာဆိုတာ အလကား။ ပြည်သူကို အဆိပ်ခတ်ဖို့ပါပဲ”ဟု ပြည်တွင်းတွင် လက်ရှိနေထိုင်ဆဲ အနုပညာအသိုင်းအ၀ိုင်းမှ ၀ိုင်းတော်သားက ပြောဆိုသည်။
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လွှင့်သည့် SHWE NADI SHWE YI HD CHANNEL ကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်မြို့များတွင် DTH DVB-T2 စနစ်ဖြင့် ဖမ်းယူကြည့်ရှုနိုင်ပြီး ရုပ်ရှင်ဇာတ်ကားများ ၊ ရုပ်သံဇာတ်လမ်းတွဲများ ၊ အစီအစဉ်ကောင်းများစွာကို အဆက်မပြတ် ထုတ်လွှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ရွှေနဒီ ရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးက မြေစာ၊ ဗြောသံ၊ နှောင် ကဲ့သို့ သော ရုပ်ရှင်ဇာတ်ကားကြီးများကို ထုတ်လုပ်ကာ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာကို ၂၀၂၄ ခုနှစ် ဝန်းကျင်မှ စတင် လွှင့်တင်ထားသည်ကို တွေ့ရှိရသည။
လက်ရှိ အမေရိကန်ပြန် အနုပညာရှင် နိုင်းနိုင်း၊ ခြူးလေး အပါအဝင် သရုပ် ဆောင်များစွာကို ဇတ်လမ်းတွဲများ ရိုက်ကူးရန် စာချုပ်ချုပ်ဆိုထားပြီး Apple’s Queen Beauty Game Show ကဲ့သို့သော ဝေမင်းမောင်(ရွှေမန်း)၏ မိန်းမ ဖူးပွင့်ခိုင် ဦးစီးသည့် ရုပ်သံပရိုဂမ်များကို ထုတ်လုပ်နေသည်။
တင်မောင်ဝင်းမှာ ရုပ်ရှင်နှင့် အနု ပညာလောကသို့ စစ်အာဏာ သိမ်းပြီးနောက် ပိုင်းတွင်မှ ငွေကြေးအကြီး အကျယ် သုံးစွဲကာ ဝင်ရောက် လာသူဖြစ်ကြောင်း အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။







