26 C
Yangon

ရခိုင်တွင် ငါးခိုးဖမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို AA က ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည် ပင်လယ်ပြင်တွင် နယ်စပ်ဖြတ်ကျော် ငါးခိုးဖမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို AA က ပြန်လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများနှင့် AA နှင့်ဆက်နွယ်နေသော သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ AA က ဖမ်းဆီးထားခဲ့သော နယ်စပ်ဖြတ်ကျော် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ AA က လွှတ်ပေးလိုက်သူများတွင် ၆၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၇ ဦးမှာ ရိုဟင်ဂျာများဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် တက္ကနာဖ် (Teknaf) အခြေစိုက် BGB တပ်ရင်း ၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Md Hanifur Rahman Bhuiya က ၂၀၂၅ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားအချို့သည် ဘင်္ဂလားပင်လယ်ကမ်းခြေဒေသများတွင် ငါးဖမ်းလုပ်ငန်းဆောင်ရွက်စဉ် ရခိုင်ရေပြင်သို့ ရောက်ရှိရောက်သွားခဲ့ကြပြီး AA ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရကြောင်း ပြောဆိုသည်။

ရခိုင်ဘက်တွင် ဖမ်းဆီးခံရသူများမှာ AA ထိန်းချုပ်နယ်မြေရှိ စခန်းများတွင် ထိန်းသိမ်းထားပြီးနောက် လူသားချင်းစာ နာမှုအမြင်အရ ဘင်္ဂလားဒေ့ရှ်နှင့် AA တပ်များအကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ AA က ဖမ်းဆီးခံရသူများကို ဘင်္ဂလားဒေ့ရှ်ထံသို့ အဆင့်လိုက် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် BGB တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ဟနီဖူရ် က ဆိုသည်။

ကျန်ရှိနေသေးသည့် ဖမ်းဆီးခံ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ လုံခြုံစွာ ပြန်လည်ရောက်ရှိလာနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း BGB တပ်ရင်းမှူးက ထပ်မံပြောကြားခဲ့သည်။

ပြီးခဲ့သည့် လများအတွင်းမှာ တရားမဝင် ငါးခိုးဖမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာနှင့်ချီကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ပြန်လွှတ်ပေးလိုက်သော ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများကို နောက်တစ်ကြိမ် နယ်စပ်ဖြတ်ကျော် တရားမဝင် ငါးခိုးမဖမ်းရန် ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းသလို ကုရ်အာန်ကျမ်းကို ကျမ်းသစ္စာကျိန်ဆိုခိုင်းပြီး AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း AA က ရယူထားပြီး နောက်တစ်ကြိမ် ငါးခိုးဖမ်းမှုကို တွေ့ရှိပါက ပြစ်ဒဏ်ကြီးကြီးမားမား ကျခံရမည်ဟု သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article