ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့်အတန်းအရ ပဋိပက္ခခွဲပြားမှု အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ပဋိပက္ခအင်အားအမြင့်ဆုံး ဒုတိယနိုင်ငံအဖြစ် သတ်မှတ်ခံရကာ ကလေးများနှင့် မိသားစုများအတွက် လူသားချင်းစာနာမှု အရေးပေါ်အခြေအနေ ပိုမိုနက်ရှိုင်းလာကြောင်း ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတဝန်း အတွင်းရေးရှောင်ပြောင်းနေထိုင်သူ (IDPs) အရေအတွက် ၃ ဒသမ ၆ သန်းကျော်ရှိလာပြီး ၂၀၂၄ နှစ်နှင့် နှိုင်းယှဉ်ပါက လူပေါင်း ၁၅၀,၀၀၀ ကျော် ထပ်မံ ရှောင်ပြောင်းခဲ့ရကြောင်း၊ အသစ်ရှောင်ပြောင်းသူများ၏ အများစုမှာ စစ်ကိုင်း၊ ကရင်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ ဖြစ်ကြပြီး မကြာခဏ အကြိမ်ကြိမ် ရှောင်ပြောင်းရကာ အစာအာဟာရ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် သန့်ရှင်းရေ လက်လှမ်းမီမှုနည်းပါးသည့် အမိုးအကာမတည်မြဲသော နေရာများတွင် နေထိုင်နေရကြကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်း ပဋိပက္ခဆက်လက်ဖြစ်ပွားနေမှု၊ ကျောင်းအဆောက်အဦးများ ပျက်စီးမှု၊ ဆရာဆရာမ လုံလောက်မှု မရှိခြင်းနှင့် ဝင်ရောက်ခွင့်ကန့်သတ်မှုများကြောင့် ပညာရေးဝန်ဆောင်မှုများ ကန့်သတ်ခံနေရပြီး ၂၀၂၅ ခုနှစ် ငလျင်ဒဏ်နှင့် ပဋိပက္ခဒဏ် နှစ်မျိုးလုံး ခံစားရသည့် ဒေသများတွင် လုံခြုံသည့် သင်ကြားရေးနေရာများ၊ သင်ကြားရေးပစ္စည်းများနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု (MHPSS) များ အလွန်အမင်း ချို့တဲ့နေကြောငး သိရှိရသည်။
မိသားစုများ အလွန်အမင်း စိတ်ဖိစီးမှုအောက်တွင် ရှိနေခြင်းကြောင့် ကလေးလုပ်သားအသုံးပြုမှု၊ လုံခြုံမှုမရှိသော ရွှေ့ပြောင်းအလုပ်အကိုင်များ၊ မိသားစုခွဲထွက်နေထိုင်မှုနှင့် ကလေးအရွယ် မစုံလင်ခင် အိမ်ထောင်ပြုခြင်းကဲ့သို့ အန္တရာယ်ရှိသည့် ဖြေရှင်းနည်းများကို လက်ခံကျင့်သုံးရခြင်းများ တိုးလာကြောင်း၊ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကျန်ရစ်ပစ္စည်းများ သည် ဆက်လက်အန္တရာယ်ကြီးမားနေပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိခိုက်ဒဏ်ရာရသူများ၏ လေးပုံတစ်ပုံကျော်မှာ ကလေးများဖြစ်ကြောင်း သိရှိရသည်။
ကချင်၊ အနောက်မြောက်ဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ၊ ရှေ့တန်းပြောင်းလဲမှုများ၊ ဘဏ်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ကြာရှည်ပိတ်ပင်မှုများကြောင့် လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မြင့်တက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် ပဋိပက္ခတင်းမာမှုနှင့် လှုပ်ရှားခွင့်ကန့်သတ်မှုများကြောင့် ရှောင်ပြောင်းနေထိုင်သူ ခန့်မှန်း ၅ သိန်းခန့် အန္တရာယ်ရှိနေပြီး ထိုအထဲတွင် နိုင်ငံသားမဟုတ်သူ ၂၃၅,၈၆၂ ဦး ပါဝင်ကြောင်း၊ အဆိုပါ လူဦးရေများသည် နှောင့်ယှက်မှုနှင့် အလွဲသုံးစားပြုမှု အန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် မတ်လတွင် ပြင်းအား အင်အား ၇ ဒသမ ၇ ရှိ ငလျင်တစ်ခု မြန်မာအလယ်ပိုင်းကို ထိခိုက်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် ၂၆၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ရေသန့်စနစ် ၁၀,၀၀၀ ကျော် ပျက်စီးခဲ့ကာ လူပေါင်း ၉၂,၄၅၇ ဦး၏ သန့်ရှင်းရေ လက်လှမ်းမီမှု ထိခိုက်ခဲ့ကြောင်း၊ အိမ်သုံးအိမ်သာ ၁၀,၄၇၁ လုံး ပျက်စီးပြီး လူပေါင်း ၄၅,၈၁၂ ဦးသည် သန့်ရှင်းရေးအဆောက်အဦ မရှိတော့ကြောင်း သိရသည်။
ထို့အပြင် မေလနှောင်းပိုင်းမှ ဇူလိုင်လအထိ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၁၉၅,၀၀၀ ခန့် ထိခိုက်ခံစားခဲ့ရကြောင်း၊ မလုံမခြုံ အမိုးအကာများတွင် နေထိုင်မှုများကြောင့် ကျန်းမာရေးအန္တရာယ်များ မြင့်တက်နေကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်အတွင်း ပြင်းထန်သော ရေကြောင့်ဝမ်းလျှောရောဂါ (AWD) ၂,၃၇၈ မျိုးကို တိုင်းဒေသကြီး ၉ ခုတွင် တွေ့ရှိခဲ့ပြီး အများစုမှာ ရန်ကုန်၊ ကရင်၊ ချင်းနှင့် ရခိုင်တို့တွင် ဖြစ်ပွားခဲ့ကြောင်း၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရောဂါဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည။
မြန်မာနိုင်ငံသည် အစာအာဟာရ လုံခြုံရေးအရ “အလွန်မြင့်မားသော စိုးရိမ်ရအဆင့်” အဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၅ ဇွန်လမှ ၂၀၂၆ မေလအတွင်း အသက် ၅ နှစ်အောက် ကလေး ၄၁၀,၀၀၀ ခန့်နှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် ပြင်းထန်အာဟာရချို့တဲ့မှု ခံစားရနိုင်ကြောင်း ခန့်မှန်းထားသည်။
လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ပို့ဆောင်ရာတွင် အခက်အခဲများ ဆက်လက်ရှိနေပြီး မြို့နယ်သုံးပုံတစ်ပုံကျော်မှာ အလွန်ခက်ခဲသည့် ဝင်ရောက်ခွင့်အဆင့် (Level 3) အဖြစ် သတ်မှတ်ထားကြောင်း၊ ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတို့သည် ပဋိပက္ခအဖြစ်အများဆုံးဒေသများဖြစ်ကာ ဖြစ်ပွားမှု ၆၉ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရသည်။
အကူအညီပေးရန် ရည်ရွယ်ထားသော လူပေါင်း ၆.၇ သန်းအနက် ၅၈ ရာခိုင်နှုန်းသည် ကန့်သတ်မှုမြင့်မားသည့် ဒေသများတွင် နေထိုင်ကြပြီး လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းနှင့် ဆက်သွယ်ရေးပိတ်ပင်မှုများကြောင့် အသက်ကယ်ဆောင်ရွက်မှုများ မကြာခဏ ရပ်နားရလေ့ရှိသည်ဟု သိရှိရသည်။
လူသားချင်းစာနာမှု အဖွဲ့အစည်းများက အရေးပေါ်အကူအညီများ ချက်ချင်း တိုးမြှင့်ပေးရန် တိုက်တွန်းထားပြီး ကလေးများနှင့် အားနည်းလူစုများ၏ အသက်ရှင်ရေးအတွက် လုံခြုံသည့် ဝင်ရောက်ခွင့်နှင့် ထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေကြောင်း သတိပေးထားသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ကချင်ပြည်နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ်တစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)






