ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်တွင် တရားမဝင်မြန်မာလုပ်သားတင်လာသည့် ကား ၁ စီးကို ရဲက လိုက် ဖမ်းစဉ် မောင်းပြေးရာမှ ကားတိမ်းမှောက်ပြီး ၂၃ ဦး ဒဏ်ရာရရှိကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်း များအရ သိရှိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက် ၇ နာရီခန့်တွင် ကန်ချနာဘူရီခရိုင်၊ မောင်းမြို့နယ်၊ ဝမ်ဒုန်းကျေး ရွာအုပ်စုရှိ ဘန်နောင်ဆမ်ဖရန်ကျေးရွာအနီး တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ကား ၁ စီးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးရာမှ လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ မြန်မာလုပ်သား ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါကားသည် ဆိုင်ယုတ်ခရိုင် (Sai Yok) မှစတင်ကာ အဝေးပြေးရဲတပ်ဖွဲ့၏ တားဆီးစစ်ဆေးမှုကို မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ကားဖြင့် လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရသည်။
အခင်းဖြစ်ပွားရာ နေရာတွင် ရန်ကုန်လိုင်စင်နံပါတ်ပါရှိသော မစ်ဆူဘီရှီ (Mitsubishi) အမျိုးအစား ပစ်ကပ်ကား ၁ စီး ပျက်စီးနေသည်ကို တွေ့ရှိရပြီး ကားပေါ်တွင် မြန်မာလုပ်သား ကျား/မ စုစုပေါင်း ၅၀ မှ ၆၀ ခန့်အထိ ပြည့်နှက်အောင် တင်ဆောင်လာကြောင်း၊ ကားတိမ်းမှောက်ချိန်တွင် လူများ လမ်းပေါ်သို့ လွင့်စင်ကျသွားခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၂၃ ဦးရှိပြီး စိုးရိမ်ရသူ ၁ ဦးရှိကြောင်း သိရှိရသည်။
ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့က လူနာတင်ကားများဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောငး်၊ ဒဏ်ရာမရရှိဘဲ လွတ်မြောက်နေသည့် ကျန်ရှိသော မြန်မာလုပ်သားများကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ကွင်းဆက်တရားခံများနှင့် လူကုန်ကူးသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။







