28 C
Yangon

စစ်မြေပြင်အခြေအနေကို ဖုံးကွယ်ရန် နှင့် ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိနေပြီဟု ပြသရန် ပွဲတော်များကို ဝါဒဖြန့်ချိရေးအဖြစ် မြန်မာစစ်တပ်က အသုံးချနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလသည် ပုံမှန်အားဖြင့် ကိုယ်ပိုင်လက္ခဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဂုဏ်ပြုသော ချင်းအမျိုးသားနေ့ ကျင်းပသည့် လဖြစ်ပြီး ထိုပွဲတော်တွင် ရိုးရာအကများ၊ လေမှုတ်တူရိယာများနှင့် ရိုးရာသေနတ်ပစ်ဖောက်ကာ ဂုဏ်ပြုမှုများ ပါဝင်လေ့ ရှိပါသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ပျော်ပွဲရွှင်ပွဲ ကျင်းပရန် မည်သူမျှ စိတ်မပါကြပေ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီ ရက်များတွင် လက်လုပ်လက်နက်များဖြင့် ခုခံတော်လှန်နေသည့် ချင်းပြည်နယ်၏ တောင်ပေါ်မြို့များကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ပွဲတော်နေ့အကြိုညတွင် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။

“အမျိုးသားနေ့ အကြိုညမှာ စစ်တပ်က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တာကြောင့် ကျနော်တို့ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ” ဟု လုံခြုံရေးအရ အမည်လွှဲဖြင့် ပြောကြားသော ဒေသခံ သွေဝင်းက ဆိုပါသည်။

အာဏာမသိမ်းမီကာလများက ချင်းအမျိုးသားနေ့သည် ရောင်စုံစိုပြည်ပြီး လူထုစည်းလုံးမှုကို ပြသသည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။ အောက်ချင်းငှက် အမွှေးများဖြင့် အလှဆင်ထားသော ခေါင်းပေါင်းများကို ဆောင်းထားသည့် ခေါင်းဆောင်များနှင့် လူကြီးသူမများကို စစ်ကြောင်းများ၊ ဖျော်ဖြေရေးများဖြင့် ဂုဏ်ပြုလေ့ ရှိပါသည်။

သို့သော် ယခုနှစ်တွင်မူ စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိကြီးများသည် ပြည်နယ်မြို့တော် ဟားခါးသို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး အခမ်းအနား ကျင်းပခဲ့ပါသည်။ ဒေသခံ အများအပြားကမူ ဤအခမ်းအနားကို သပိတ်မှောက်ခဲ့ကြပါသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ဒါရိုက်တာ ဆလိုင်းဇာအုပ်လင်းက “ချင်းအမျိုးသားနေ့အခမ်းအနားတွင် စစ်တပ်က ပါဝင်ခြင်းမှာ ဝါဒဖြန့်ချိရေး လုပ်ရပ်တစ်ခုသာ ဖြစ်တယ်။ ချင်းလူမျိုးများအတွက် အလွန်အရေးကြီးတဲ့ ချင်းအမျိုးသားနေ့နဲ့ သူတို့ကို တွဲဖက်ပြသခြင်းဖြင့် အခြေအနေများ ပုံမှန်ဖြစ်နေတယ်ဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်ရန် ကြိုးပမ်းခြင်း ဖြစ်တယ်” ဟု ပြောဆိုသည်။

ထို့အပြင် စစ်တပ်က မြေပြင်တွင် မည်သို့ပင်ဖြစ်စေကာမူ တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးအနာဂတ်အပေါ် လုံးဝအာဏာတည်ဆောက်ထားနိုင်ကြောင်း ပြသရန် ကြိုးပမ်းနေသည်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပါသည်။

မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) ၏ အချက်အလက်များအရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁,၇၂၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ဧပြီလတွင် လွှတ်တော်သစ်ခေါ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေချိန်၌လည်း အဆိုပါလေကြောင်းစစ်ဆင်ရေးမှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ချင်းပြည်နယ်ရှိ ကျေးရွာများသည် မြေပြင်စစ်ကြောင်းများ မဝင်ရောက်မီ ကြိုတင်ဗုံးကြဲတိုက်ခိုက်ခံနေရကြောင်း ဒေသခံများက ဆိုသည်။

“လူတွေက တကယ်ကို ကြောက်နေကြပါတယ်၊ စစ်ကြောင်းတွေ တက်လာတာနဲ့အမျှ ကြိုတင်ပြီး ဗုံးကျဲလေ့ရှိပါတယ်” ဟု ဆလိုင်းဇာအုပ်လင်းက ပြောကြားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ထန်တလန်မြို့ရှိ ဆေးပေးခန်းတစ်ခုကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ကျောင်းသူကျောင်းသား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

“အဲဒီတိုက်ခိုက်မှုက အရပ်သားတွေကို ပစ်မှတ်ထားပြီး လူထုကို ထိတ်လန့်အောင် ပြုလုပ်ခြင်းဖြစေတယ်။ ပထမတစ်ကြိမ် ဗုံးကြဲပြီးနောက် ကူညီသူတွေရောက်လာတဲ့အချိန်မှာ ထပ်မံဗုံးကျဲတဲ့ (Double-tap) နည်းဗျူဟာကို သုံးတယ်။ ဒါက စစ်ရာဇဝတ်မှု မြောက်နိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေပါသည်။

Fortify Rights မှ John Quinley က “စစ်တပ်သည် နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နေသည်မှာ ဟုတ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ အလုံးစုံ ပြိုလဲမှုမျိုးတော့ မဟုတ်ပါ၊ ဒါဟာ နယ်မြေအနည်းငယ် လျော့နည်းသွားခြင်းသာ ဖြစ်သည်” ဟု သုံးသပ်သည်။

စစ်ကိုင်းနှင့် မကွေးကဲ့သို့သော ဒေသများရှိ တော်လှန်ရေးအဖွဲ့များသည် ထိုင်းနယ်စပ်အနီးရှိ ကရင်နီနှင့် ကရင်ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်ကာ ကူညီပံ့ပိုးမှုများ ရယူနေကြရပါသည်။

“တစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်နေပါက အခြားဒေသများသို့ ကူညီပံ့ပိုးရန် ခက်ခဲသွားတတ်သည်” ဟု Quinley က ဆိုပါသည်။

စစ်ကောင်စီကို အရေးယူနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုမှာ နှေးကွေးနေသော်လည်း ထူးခြားသည့် တိုးတက်မှုတစ်ခု ရှိလာပါသည်။

တီမောလက်စတေး (Timor Leste) အစိုးရက စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုနိုင်ရန် အစိုးရရှေ့နေတစ်ဦးကို ခန့်အပ်လိုက်ပါသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားခဲ့သည့် တိုင်ကြားချက်အပေါ် အခြေခံခြင်း ဖြစ်သည်။

Universal Jurisdiction ဟုခေါ်သော ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်အရ မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ ကြီးလေးသော ရာဇဝတ်မှုများကို မည်သည့်နိုင်ငံကမဆို တရားစွဲဆိုခွင့် ရှိသည်။

အဆိုပါ အခြေအနေက “စစ်ဗိုလ်ချုပ်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိကြောင်း ပြသသည့် အားတက်ဖွယ် ခြေလှမ်းတစ်ခု ဖြစ်သည်” ဟု Quinley က ပြောကြားခဲ့ပါသည်။

Fortify Rights အဖွဲ့က ဂျက်လေယာဉ်ဆီ တင်ပို့မှုများကို ပိတ်ဆို့ရန်နှင့် စစ်တပ်က ဗုံးကြဲရာတွင် အသုံးပြုနေသည့် ပါရာမိုတာ (Paramotors) များကဲ့သို့သော စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို တားမြစ်ရန် တောင်းဆိုနေသည်။

သို့သော် ချင်းပြည်နယ်ရှိ ဒေသခံများအတွက်မူ ဤဥပဒေကြောင်းအရ ဆောင်ရွက်မှုများသည် ဝေးကွာနေဆဲ ဖြစ်ပါသည်။ ၎င်းတို့အတွက် နေ့စဉ်ရင်ဆိုင်နေရသည်မှာ ဦးခေါင်းထက်တွင် ပျံသန်းနေသည့် ဂျက်တိုက်လေယာဉ်များပင် ဖြစ်သည်။

“ဂျက်တိုက်လေယာဉ်တွေ လာမလားဆိုတာ ကြောက်နေရပေမဲ့ စားဝတ်နေရေးအတွက် ပဲခင်းတွေထဲကို သွားပြီး ရိတ်သိမ်းရမှာပဲ ဖြစ်ပါတယ်၊ မရိတ်သိမ်းရင် ကျွန်တော်တို့ ငတ်ပြတ်သွားပါလိမ့်မယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ခွန်ဆန်းက ၎င်းတို့ ရင်ဆိုင်နေရသော ခါးသီးသည့် ဘဝအခြေအနေကို ပြောပြသည်။

(ABC တွင် ဖော်ပြထားသည့် Myanmar military using festivals as propaganda to hide war zone ကို ဘာသာပြန်ဆိုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article