28 C
Yangon

အထက်မင်းလှမြို့နယ်ရှိ မန်းသံပုရာကန်ရေနံချက်စက်ရုံနှင့် ကပစ ၂ ကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ မန်းသံပုရာကန်ရေနံချက်စက်ရုံနှင့် ကပစ ၂ ကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မန်းသံပုရာကန်ရေနံချက်စက်ရုံနှင့် ကပစ ၂ တို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ရေနံချက်စက်ရုံကို လက်နက်ကြီး ၃ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဝန်ထမ်းလိုင်းခန်းကို ထိမှန်ကာ ထိခိုက်မှုများရှိကြောင်း သိရသည်။

အလားတူ ကပစ ၂ ကိုလည်း လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်စောပိုင်းမှာ အထက်မင်းလှက မန်းသံပုရာကန်ရေနံချက်စက်ရုံမှာ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲတယ်။ ၁ လုံးက ဝန်ထမ်းလိုင်းခန်းထဲကိုကျပြီး အမျိုးသမီး ၁ ဦး ထိတယ်လို့တော့ သိရတယ်။ နောက်ပြီး ကပစ ၂ ထဲကိုလည်းထိတယ်လို့ သိရတယ်။ စစ်တပ်က သတင်းကို အပြင်အထွက် မခံပါဘူး။ ကပစ ၂ ကိုတော့ လက်နက်ကြီး တစ်လုံးကျတယ်လို့ ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မန်းသံပုရာကန်မှ ချက်ထုတ်သော ဓာတ်ဆီများကို မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် နေပြည်တော်ရှိ SME စက်သုံးဆီဆိုင်များကို အကြမ်းဖက် စစ်တပ်က ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က မန်းသံပုရာကန်ရေနံချက်စက်ရုံ လောင်စာဆီသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article