ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်သို့ ဘိလပ်မြေနှင့် လူသုံးကုန်ပစ္စည်းများ မှောင်ခိုတင်ပို့သည့် လူ ၁၉ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မှာလာသော သတင်းများတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ကော့ဘဇား (Cox’s Bazar) ခရိုင်၊ စိန့်မာတင်ကျွန်း၏ အရှေ့တောင်ဘက်ရှိ ပင်လယ်ပြင်တွင် မြန်မာနိုင်ငံသို့ မှောင်ခိုတင်ပို့မည့် ဘိလပ်မြေနှင့် လူသုံးကုန်ပစ္စည်း အမြောက်အမြားနှင့်အတူ မှောင်ခိုသမား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်က စိန့်မာတင်ကျွန်းတွင် တာဝန်ချထားသော ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Apurba Bangla စစ်ရေယာဉ်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ ငါးဖမ်းစက်လှေ နှစ်စီးကို ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် အကောက်ခွန်နှင့် အခွန်အခများ ရှောင်တိမ်းကာ မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် ဘိလပ်မြေ ၁,၁၄၀ အိတ်၊ ကြက်သွန်ဖြူ ၅ အိတ်၊ ကုလားပဲ ၅၀ အိတ်၊ အာလူး ၂၀ အိတ်နှင့် Royal Tiger အားဖြည့်အဖျော်ယမကာ ၇,၀၈၀ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
လက်ရှိတွင် သိမ်းဆည်းရမိသော ကုန်ပစ္စည်းများ၊ မှောင်ခိုလုပ်ငန်းတွင် အသုံးပြုသည့် စက်လှေများနှင့် ဖမ်းဆီးထားသူများအပေါ် ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် မှောင်ခိုကူးသန်းမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် နောင်တွင်လည်း ယခုကဲ့သို့ စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်မှ ဘိလပ်မြေ၊ အာလူး၊ ကုလားပဲ၊ ကြက်သွန်ဖြူနှင့် အားဖြည့်အဖျော်ယမကာများသည် လက်ရှိတွင် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသော ရခိုင်ပြည်နယ်အတွင်း အလွန်လိုအပ်နေပြီး ဈေးကောင်းရနေသည့် အခြေခံကုန်စည်များနှင့် ဆောက်လုပ်ရေးပစ္စည်းများ ဖြစ်ကြောင်း သိရှိရသည်။
ကုန်စည်များကို ဖမ်းဆီးရမိသည့်နေရာမှာ စိန့်မာတင်ကျွန်း (St. Martin’s Island) ၏ အရှေ့တောင်ဘက် ပင်လယ်ပြင်ဖြစ်ပြီး ယင်းနေရာမှာ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တို့ ထိစပ်နေသည့် ရေပြင်ပိုင်နက်အနီးတွင် ရှိနေသောကြောင့် မြန်မာဘက်သို့ ကူးရန် အနီးဆုံးလမ်းကြောင်း ဖြစ်ကြောင်း သိရှိရသည်။




