ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်မှစတင်၍ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၅ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးတို့ဖြင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်နှင့် အနီးအနားရှိ ရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီး၊ Y-12 လေယာဉ် ၁ စီးတို့ဖြင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတွေ ထိခိုက်တာနဲ့ နေအိမ်ပျက်စီးတာတော့ အခုထိ မရှိသေးဘူး” ဟု Infinity Group မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အတွင်းရှိ စုံစင်ဖျားကျေးရွာနှင့် ပြင်းဖြူသားရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပြင်းဖြူသားရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး ကျေးရွာဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက သရက်ချောင်းနယ်ထဲမှာ ဗုံးကျဲနေတာ နေ့စဉ်ရက်ဆက်ပဲ ပြည်သူတွေလည်း ထိခိုက်တာတွေရှိတယ်။ နေရာတော်တော်များကို ကျဲနေတာ မြေပြင် စစ်ကြောင်းတွေကလည်းရှိတော့ နေရာတွေ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ သိရတဲ့ နေရာလောက်ပဲ ပြောလို့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – သရက်ချောင်းမြို့နယ် အတွင်းရှိ စုံစင်ဖျားကျေးရွာကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ်များ။






