28 C
Yangon

မိုးကုတ်မြို့ အနီး ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်မှ ကြားနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနီး ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်မှ ကြားနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၆ ရက်နေ့တို့တွင် မိုးကုတ်မြို့ပြင် အနောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မိုးကုတ်မြို့ပေါ်မှပင် ကြားနေရကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းကလည်း ဘော်မားရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စပြီး မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့ထိ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ စစ်ခွေးတွေကလည်း မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလည်းရှိတယ်။ ထိခိုက်မှု အခြေအနေကတော့ မသိရသေးဘူး။ ၂၅ ရက်နေ့ကလည်း ဘော်မားရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ချောင်းကြီးရွာဘက် တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကသဲရွာနှင့် ရေဦးကြီးရွာ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း စေတလုံးတောင်ပေါ်၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်သည် ရေပူရွာထဲကို ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ဆိုင်များမှ အရက်၊ ကွမ်း ၊ ဆေးလိပ်နှင့် စားသောက်ကုန် ပစ္စည်းများကို ငွေကြေးပေးဆောင်ခြင်းမရှိဘဲ လုယက်ယူဆောင်သွားသောကြောင့် ပြည်သူများ ဈေးဆိုင်များပိတ်၍ တိမ်းရှောင်နေရကြောင်း၊ ယင်းနေ့ ညပိုင်းတွင်လည်း မိုးကုတ်မြို့ ပိတ်စွယ် ရပ်ကွက်ဘက်၌ ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး မြို့အစွန်းရပ်ကွက်များမှလည်း လက်နက်သံများ ကြားနေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် မိုးကုတ်မြို့ပေါ်၌ ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေကာ လက်ရှိချိန်တွင်လည်း မြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article