28 C
Yangon

ရွှေကျင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေကျင်မြို့နယ်၊ ဝင်းကံရွာသို့ တပ်ဖြန့်ပြီး ဝင်ရောက်လာစဉ် ၅၁၀၃ တပ်ရင်း၊ ရန်ကုန်တိုင်းစစ်ဌာနရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် မဟာမိတ် KNLA ပူးပါင်းတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေကျင်မြို့နယ်၊ ဝင်းကံကျေးရွာအနီးကို နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာသောကြောင့် မွန်းလွဲ ၁၂ နာရီခန့်တွင် ၅၁၀၃ တပ်ရင်း၊ ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း/တပ်ဖွဲ့များနှင့် မဟာမိတ် KNLA ပူး‌ပါင်းတပ်ဖွဲ့များက ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ဝင်းကံကျေးရွာအနီး ၅၁၀၃ တပ်ရင်း၊ ရန်ကုန်တိုင်းတပ်ရင်း/တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ဝင်းကံရွာလယ် တံတားအရောက်တွင် အကြမ်းဖက် စစ်တပ်နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၃ တပ်ရင်း၊ ရန်ကုန်တိုင်းစစ်ဌာနရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် မဟာမိတ် KNLA ပူးပါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article