ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးတွင် စစ်ရေးအရ ခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်နိုင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ Zoom Platform မှတဆင့် နွေ ဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု (SRA) ဦးဆောင် ကော်မတီ နှင့် အမျိုးသားညီညွတ်ရေး အ စိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စစ်ရေးအရ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု ဖော် ဆောင်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
“ကျနော်တို့တွေ တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်မှုရှိမယ်ဆိုရင် ဒီအကြမ်းဖက်စစ်တပ်ကို မနိုင်စရာအကြောင်းမရှိဘူးလို့ အပြည့်အဝ ယုံကြည်ပါတယ်၊ ဒါကြောင့်လည်း စုစည်းညီညွတ်မှုတစ်ခု ရှိလာနိုင်ဖို့ တောက်လျှောက် ကြိုးစားဆောင်ရွက်ခဲ့တာရှိတယ်။ အထူးသဖြင့် ဒီနှစ်ပေါ့၊ ၂၀၂၆ ဟာဆို ရင် အကြမ်းဖက်စစ်တပ်ဘက်က နည်းလမ်းပေါင်းစုံနဲ့ သွေးခွဲခြင်းဗျူဟာကို ပိုပြီးတော့ အားစိုက်ပြီး လုပ်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါတွေကိုလည်း မျက်ဝါးထင်ထင်မြင်တွေ့နေရတဲ့ အခြေအ နေလည်းဖြစ်တယ်။ ဒါ့ကြောင့်မို့ စုစည်း ညီညွတ်မှုကို ပိုပြီးတော့ ခိုင်မာအားကောင်းအောင် တည် ဆောက်ထားရမယ့်ကာလလို့လည်း မြင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ နိုင်ငံရေးအရ စုစည်းညီ ညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အဲဒီ လိုပဲ စစ်ရေးအရ စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး အားထည့်ပြီးတော့ ဒီနှစ် အတွင်းမှာ ဖော်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။ ဒီ SRA နဲ့ တွေ့တယ်ဆိုတာ ကလည်း စစ်ရေးအရ Join Command လို့ခေါ်တဲ့ ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတစ်ခုကို ဖော် ဆောင်နိုင်ဖို့ရည်ရွယ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဆက်လက်တွေ့ ဆုံတာတွေ၊ ပူးပေါင်းဆောင် ရွက်တာတွေလည်း ဆက်လက်ရှိလာမယ့်သဘောဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယင်းအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှ ခေါင်း ဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် SRA ဦးဆောင်ကော် မတီဝင် ဆလိုင်းဝီလျံချင်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦး ရည် မွန်က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒေသအခြေပြုကာကွယ်ရေး တပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့်ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
“SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေ လည်သော ညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင် ကြဖို့ နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်း ဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်။” ဟု BPLA တပ်ဖွဲ့ခေါင်း ဆောင် မောင်ဆောင်းခကလည်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးပြောဆို ထား သည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRA တွင် ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ – KNDF ၊ ချင်းညီနောင် – CB ၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် -BPLA ၊ ဗမာ့တပ်တော် – BA ၊ 96 Soliders PDF ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ၊ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် – DPLF ၊ Force for Federal Democracy – FFD ၊ Generation Z Army- GZA ၊ က လေးဒေသတော်လှန်ရေးတပ် – KRF ၊ မကွေးပြည်သူ့ကာကွယ်ရေးမတော် – Magway PDF ၊မွန်ပြည် တော်လှန်ရေးတပ် – MSRF ၊ အမျိုးသားလတ်မြောက်ရေးတပ်တော် – NLA ၊ ပြည်သူ့လွတ်မြောက် ရေးတပ်တော် – PIA ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ် ရေးတပ် (ခမ်းဒေါင်)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် – Sagaing PDF ၊ ကျောင်းသားလက် ရုံးတပ်တော် – SAF ၊ ယောတပ်တော် – YA နှင့် ယောကာကွယ်ရေးတပ် – YDF တို့ပါဝင်သည်။




