31 C
Yangon

စစ်တပ်ကို တိုက်ခိုက်နေသော သတင်းများကို တုံ့ပြန်ချေဖျက်ရန်နှင့် စစ်သားများကို စိတ်ဓာတ်မြှင့်တင်ရန် ဟုဆိုကာ ကာကွယ် ရေး ဒုဝန်ကြီး ဦးဆောင်သော တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့ ဖွဲ့စည်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ

စစ်တပ်ကို တိုက်ခိုက်နေသော သတင်းများကို အချိန်နှင့်တပြေးညီ တုံ့ပြန်ချေဖျက်ရန်ဟုဆိုကာ စစ်တပ် က ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့် ဦးဆောင်သော တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းအရ သိရှိရသည်။

စစ်တပ်က ယခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင် သော တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း၊ ယင်းအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် အောင်မျိုးသန့် က ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦးပါဝင်ကြောင်း သိရှိရသည်။

ယင်းအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တွဲဖက်စစ်ဥပဒေချုပ် ဗိုလ်ချုပ် အောင်ခင်သိန်း ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စံညွန့်ဝင်း ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီရုံး၊သတင်းနှင့် လုံခြုံရေးဆိုင်ရာဌာနကြီး၊ ညွှန်ကြား ရေးမှူးချုပ် ဝင်းနေလွင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင် ၊ စစ်ဘက်ရေးရာ လုံခြုံရေးဌာနမှ ဒုတိယဌာနမှူး ဗိုလ်မှူးကြီး ဖြိုးဝေ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဒုညွှန်ချုပ် တီခမ်းဆိုင် ၊ ရဲမှူးကြီး ညွန့်ဝေ (နည်းပညာဌာနမှူး၊ မှုခင်းရဲတပ်ဖွဲ့)၊ ဦးသီဟမင်းထွန်း (ညွှန်ကြားရေးမှူး၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန တို့ကလည်းကောင်း ၊ အတွင်း ရေးမှူးအဖြစ် ဗိုလ်မှူးချုပ် စိုးညွန့် (ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်) နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ရဲဗိုလ်ချုပ် ဝင်းဗိုလ် (ဒုတိယရဲချုပ် (၁)) တို့ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ “သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေးနှင့် တုံ့ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ၏ လုပ်ငန်းတာဝန်များမှာစစ်တပ်၏ ဆောင်ရွက်ချက်များကို ပြည်တွင်း/ပြည်ပသို့ အချိန်နှင့်တစ်ပြေးညီ ပျံ့နှံ့စေရန်နှင့် လူမှုကွန်ရက်ပေါ်ရှိ သတင်းတု၊ သတင်းမှားများကို တုံ့ပြန်ချေမှုန်းရန် ဖြစ်ကြောင်း သိရှိရသည။

ထို့အပြင် စစ်တပ်၏ နေ့စဉ်ထုတ် သတင်းစာများတွင်ပါရှိသော သတင်းများအနက်မှ အရေးကြီးသတင်း များကို တိုတောင်းခြင်း၊ ရှင်းလင်းခြင်း၊ တိကျခြင်း၊ လုံခြုံခြင်းပုံစံဖြင့် မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် စသည့် ဘာသာစကား ၄ မျိုးဖြင့် သတင်းလွှာ (Information Sheet) စာစောင်ထုတ်ပြန်ပြီး ပြည်တွင်း/ပြည်ပရှိ သံရုံးနှင့် စစ်သံရုံးများသို့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန် ပါဝင်သည်။

စစ်တပ်နှင့် ဝန်ကြီးဌာန သတင်းများနှင့် သတင်းမှန်များကို နိုင်ငံတကာနှင့် ပြည်သူလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေး လူမှုကွန်ရက် (Social Media Platform) အသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ဖြန့်ချိသွားရန်၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများ၏ အခြေအမြစ်မရှိသည့် သတင်းမှားဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် တိုက်ခိုက်နေသည့် သတင်းတု၊ သတင်းမှားများအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ချေမှုန်းသွားရန် တို့လည်း ပါဝင်သည်။

ထိုမျှသာမက စစ်တပ်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဆန့်ကျင်တိုက်ခိုက်နေသည့် သောင်းကျန်းသူအဖွဲ့အစည်းများကို သတင်းအချက်အလက်စစ်ဆင်ရေး ပြုလုပ်သွားရန်၊ စစ်သား၊ အရာရှိ/စစ်သည်မိသားစုဝင်များ စိတ်ဓာတ်မြှင့်တင်ရေးသတင်းများ ထုတ်ပြန်သွားရန်၊ ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ ယုံကြည် ချက်၊ ခံယူချက်မှန်ကန်လာစေရေး စိတ်ဓာတ်မြှင့်တင်ရေးသတင်းများ ရေးသားထုတ်ပြန်ရန်၊

နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုလုပ်ဆောင်မှု သတင်းအချက်အလက်များအား စုဆောင်းခြင်း၊ ပြုစုရေးသားခြင်းများ ဆောင်ရွက်သွားရန် တို့လည်း ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article