31 C
Yangon

မင်းတုန်းမြို့နယ်၊ ပြောင်းရွာအနီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သေဆုံးသူ ၂၅ ဦးထိရှိလာ၊ ရုပ်အလောင်းများ ဆက်လက်ရှာဖွေနေ၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်

Must read

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းရွာအနီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ ၂၅ ဦးထိရှိလာပြီး ရုပ်အလောင်းများ ဆက်လက်ရှာဖွေနေ၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၄ မိနစ်နှင့် ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပြောင်းရွာအနီး ပြည်သူများ ကုန်တင်ကုန်ချ ပြုလုပ်နေသော လူစုလူဝေးရှိသည့် နေရာကို မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးက ၈ ကြိမ် ဗုံးကျဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကနဦး အတည်ပြုနိုင်သော စာရင်းများအရ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၂၅ ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ဆက်လက်ရှာဖွေရေး လုပ်ဆောင်နေသောကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း၊ ထို့ပြင် ပြင်းထန်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ က မင်းတုန်းမြို့နယ် ပြောင်းကျေးရွာ အနီးမှာရှိတဲ့ ဒေသခံတွေ စုဝေးနေတဲ့ နေရာပေါ့နော် အဲမှာ ကုန်စည်တွေ တင်တာချတာရှိတယ်။ အဲနေရာကိုကျဲသွားတာပေါ့။ ၁၁ နာရီ ၁၄ မိနစ်နဲ့ ၁၁ နာရီ ၃၀ မိနစ်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်တာဖြစ်တယ်။ ၈ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်တယ်။ လေယာဉ်ပစ် ရော့ကတ်တွေနဲ့လည်း ပစ်တယ်။ လက်ရှိအချိန်မှာ ပြည်သူ ၂၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူက ၂၀ ဦးခန့် ရှိမယ်။ ပြင်းထန်တဲ့သူ ၉ ဦးခန့် ရှိပြီး ကျနော်တို့အနေနဲ့ ဆေးဝါးကုသပေးနေတာ ရှိတယ်။ ကျနော်တို့ အခုလက်ရှိမှာ သေဆုံးနေတာ တချို့ဆို ဆိုးဆိုးဝါးဝါး သေဆုံးသူလည်း ရှိတယ်။ အဲ့ဒီဟာတွေကိုလည်း ကျနော်တို့ ကောက်ယူ သင်္ဂြိုဟ်ပေးနေတာတွေ ရှိတယ်။ နောက်ပြီး ပိနေတာမျိုးတွေလည်း ရှိတယ်။ အဲ့ဒါတွေကိုလည်း ကျနော်တို့ တူးဖော်နေတာတွေ ရှိပါတယ်။ လက်ရှိအချိန်ထိ ကျနော်တို့ အတည်ပြုနိုင်တာက ပြည်သူ ၂၅ ဦး သေဆုံးပြီး နောက်ထပ် မြေစာပိနေလို့၊ ပျောက်နေလို့ ရှာဖွေတူးဖော်နေတာတွေလည်း ရှိတယ်။ နောက်ပြီး ဒဏ်ရာအသေးစား ရတဲ့သူတွေ ပေါင်းမယ်ဆို ဒဏ်ရာရတာ ၂၀ ဦးခန့် ရှိမယ်။ ပြင်းထန်ဒဏ်ရာရသူ ၉ ဦးကို ကျနော်တို့ ဆေးဝါးကုပေးနေတာတွေလည်း ရှိတယ်။ ဒဏ်ရာရနဲ့ သေဆုံးသူတွေကိုတော့ အတည်ပြုဖို့ကတော့ လက်ရှိအချိန်မှာ မရသေးပါဘူး၊ သေဆုံးတာလည်း ထပ်တိုးနိုင်သေးတော့ ကျနော်တို့ ဆက်လက်ပြီးတော့ စာရင်းပြုစုနေဆဲပါ” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် ကား ၇ စီးမှာ မီးလောင်ပျက်စီးခဲ့ပြီး ကား ၇ စီးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် ပျက်စီးမှု အသေးစိတ်ကို ဆက်လက် အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိအချိန်မှာ လေကြောင်း အခြေအနေကလည်း တည်ငြိမ်မှု မရှိသေးဘူး။ သေဆုံးသူတွေကို ဆက်လက် ရှာဖွေတာတွေ၊ သင်္ဂြိုဟ်တာတွေ လုပ်နေတာရှိတယ်။ နောက်ပြီး ဒဏ်ရာရတာတွေကို ဆေးကုတာတွေ၊ မနိုင်တဲ့ဟာတွေကို လွှဲပြောင်းဖို့ လုပ်ရတာတွေ၊ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ခြေပြတ်၊ လက်ပြတ်တွေလည်း ပါပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေအပြင် ကုန်တင်ကားတွေ မီးလောင်ပျက်စီးတာတွေလည်း ရှိတယ်။ ဒါဟာ အရပ်ဘက် ပစ်မှတ်ဖြစ်တယ်။ ဒါကို စစ်ခွေးတွေက သိသိကြီးနဲ့ သက်သက်မဲ့ကို စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်ပါတယ်။ လက်ရှိ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေဆိုရင် ဒါ လက်ရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ အခြေအနေပါပဲ” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article