34 C
Yangon

စစ်ပွဲအခြေအနေ ဆိုးရွားလာသော အရှေ့အလယ်ပိုင်းဒေသမှ နေရပ်ပြန်လိုသော ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရက အထူးလေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေချိန် မြန်မာနိုင်ငံသားအများစုမှာ ကယ်သူမဲ့

Must read

ရန်ကုန်၊ မတ် ၂

အမေရိကန်-အစ္စရေးနှင့်အီရန် တို့ တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်လာသဖြင့် စစ်ပွဲအခြေအနေ ဆိုး ရွားလာသော အရှေ့အလယ်ပိုင်းဒေသမှ နေရပ်ပြန်လိုသော ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရက အထူး လေယာဉ်ဖြင့် ကယ်ထုတ်ရန် စီစဉ်နေချိန် မြန်မာနိုင်ငံသားတချို့မှာ မူ နေရပ်ပြန်လိုသော်လည်း ကယ်ကူသူမဲ့ ဖြစ်နေကြောင်း အရှေ့အလယ်ပိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ ပဋိပက္ခတိုက်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး ပေါက်ကွဲမှုများ၊ ဒုံးကျည်များ နေ့ည မပြတ်ဖြတ်သန်းမှုများရှိနေကြောင်း၊ ထိုအချိန် ထိုင်းအစိုးရက အရှေ့အလယ်ပိုင်းဒေသရောက် နေရပ်ပြန်လိုသော ထိုင်းနိုင်ငံသား ၁၀၀၀ ကို အထူးလေယာဉ်များဖြင့် ကယ်ထုတ်ရန် စီစဉ်နေကြောင်း ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က မတ်လ ၁ ရက်နေ့ ထုတ်ဖော်ပြောဆိုခဲ့သည်။

နေရပ်ပြန်လိုသူများကို ထိုင်းနိုင်ငံသို့ ခေါ်ယူမည်ဖြစ်ပြီး နေရပ်မပြန်လိုသော ထိုင်းနိုင်ငံသားများကိုလည်း လုံခြုံဘေးကင်းသည့်နေရာများသို့ ရွှေ့ပြောင်းရန် စီစဉ်နေကြောင်း ထိုင်းဝန်ကြီးချုပ်က င်္ပလက်ပြောဆိုထားသည်။

သို့ရာတွင် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်တွင် တချို့မှာ နေရပ်ပြန်ရန် ဆန္ဒရှိကြပြီး အများစုမှာ နေရပ်မပြန်လိုကြကြောင်း၊ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားတချို့အတွက် မြန်မာအကြမ်းဖက်စစ်တပ်က မည်သည့် ဆောင်ရွက်ချက်မှ လုပ်ဆောင်ခြင်းမရှိဟု အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာနိုင်ငံသားများက ရှင်းလင်းပြောဆိုကြသည်။

“ဒူဘိုင်းနဲ့ အဘူဒါဘီက မိတ်ဆွေတွေက ပြန်ချင်ကြတယ်။ ယေဘုယျ မြန်မာ ၁၀၀ လောက်မှာ ၂ ဦးလောက် မြန်မာပြည် ပြန်ချင်ကြတယ်။ ဒီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို သူတို့သံရုံးတွေက ဖုန်းဆက်ပြီး နေရပ် ပြန်၊ မပြန် စာရင်းကောက်နေတယ်။ ကျနော်တို့ မြန်မာတွေလည်း လုပ်ဖော်ကိုင်ဖက် ထိုင်းတွေ အဲဒီလို ပြန်၊ မပြန်စာရင်းကောက်တော့ သူတို့ နိုင်ငံနဲ့ အစိုးရကို အားကျတာ။ မြန်မာတွေ အများစုကတော့ မပြန်ချင်ကြဘူး။ ရောက်ဖို့ မနည်းလာရတာဆိုတော့။ ဒါပေမယ့် ပြန်ချင်တဲ့သူတွေလည်းရှိတယ်။ နေ့နေ့ ညည ဒုံးကျည်တွေက ကောင်းကင်ပေါ်က ဖြတ်ရင်ဖြတ် မဖြတ်ရင် လာပြီး ကျပေါက်ကွဲနေတာ။ မပြန်ချင်သူက အများစုပေမယ့် ပြန်မယ့်သူတွေအတွက် လမ်းကြောင်း ရှိစေချင်တယ်”ဟု ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြိုရှိ ဟိုတယ်ကြီးတစ်ခုတွင် စာဖိုးဆောင်အကူအဖြစ် အလုပ်လုပ်​နေသော မြန်မာအလုပ်သမား ကိုထက်က ပြောဆိုသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ သံရုံးများနှင့် ကောင် စစ်ဝန်ရုံးက သတိထားနေထိုင်ကြရန် ထုတ်ပြန်ချက်တစ်ခုသာ ထုတ်ပြန်ထားပြီး လုံခြုံရေးအတွက်စီမံမှု မကြားသိရကြောင်း ကူဝိတ်နိုင်ငံရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ယူအေအီးနှင့်ကူဝိတ်တို့တွင် ပေါက်ကွဲမှုများနှင့်ဒုံးကျည်ပစ်ခတ်မှုများ နေ့စဉ် ကြားနေရပြီး အလုပ်အချို့လည်း ပိတ်ထားကြောင်း ၊ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရများက အချိန်နှင့် တစ်ပြေးညီ ဆောင်ရန် ရှောင်ရန်များ ထုတ်ပြန်ပေးနေပြီး လက်ရှိအချိန်တွင်မူ ပြည်သူများအနေဖြင့် လုံလုံခြုံခြုံနှင့် သွားလာစားသောက်နေနိုင်နေသေးကြောင်း ယူအေအီးရောက် မြန်မာနိုင်ငံသားများထံမှ သိရှိရသည်။

“မြန်မာကောင်စစ်ဝန်ရုံးက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လုံလုံခြုံခြုံနေဖို့ ထုတ်ပြန်ချက်တစ်ခု ထုတ်တာတော့ အွန်လိုင်းကနေ တွေ့လိုက်တယ်။ လေယာဉ်တွေ ဘာတွေ စီစဉ်ပေးတယ်လို့ မကြားမိဘူး။ လေဆိပ်တွေက အဝင်အထွက်တွေ အခု အကုန်ပိတ်ထားတော့ ထွက်လို့ရော ဝင်လို့ရော မရဘူး။ ထိုင်းတွေကိုတော့ ယူအေအီးကနေ အိုမန်အထိ ကုန်းလမ်းက ခေါ်ထုတ်ပြီး အိုမန်ကနေ လေယာဉ်နဲ့ ခေါ်ဖို့ သူတို့ လုပ်နေကြတယ်” ဟု ဒူဘိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပြောပြသည်။

ထိုင်းနိုင်ငံအစိုးရအနေနှင့်မူ အရှေ့အလယ်ပိုင်းဒေသ အရေးပေါ် အခြေအနေနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသားများကို ကယ်ထုတ်နိုင်ရန် ထိုင်းလေတပ်နှင့် ပူးပေါင်း၍ လေယာဉ်များ အဆင့်သင့်လုပ်ဆောင်ထားသည့်အပြင် ၂၄ နာရီ အရေးပေါ် ဆက်သွယ်ရေးစနစ်တည်ဆောက်ထားကာ သက်ဆိုင်ရာ ထိုင်းသံရုံးများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံက ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ရောက်ရှိနေသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၀၀၀ ဝန်းကျင်ကို အိုမန်နိုင်ငံ၊ Muscat မြို့သို့ ကုန်းလမ်းမှ ခေါ်ထုတ်ကာ အိုမန်နိုင်ငံလေဆိပ်တွင် အထူးလေယာဉ်များဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယူအေအီးတွင် လက်ရှိ ကြုံနေရသည့် အခြေအနေနှင့် ပတ်သက်၍ ဖုန်းများထဲသို့ သတိပေးအကြောင်း ကြားမှုများ ဆက်တိုက်လက်ခံရရှိနေသောကြာင့် သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီရရှိနေကြောင်း၊ထို့ကြောင့် အန္တရာယ် ဖြစ်နိုင်သော နေရာများသို့ မသွားဘဲ နေလျှင် ဘေးကင်းနေသေးကြောင်း ယူအေအီးရောက် မြန်မာနိုင်ငံသားများက ပြောဆိုသည်။

“ဖုန်းတွေထဲကို ယူအေအီးမှာ လက်ရှိ ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး Security Alert တွေ ပေးတယ်။ တစ်ခုခုပေါက်ကွဲမှု ဖြစ်တာတို့ဆိုရင်လည်း အဲဒီနေရာတွေ မသွားဖို့ ထွက်မကြည့်ဖို့ Safe ဖြစ်တဲ့‌ နေရာတွေ အဆောက်အအုံတွေ သတိပေးအကြောင်းကြားစာတွေ ပို့ပေးတယ်။ အဲဒီလို ပို့ပေးတာ ကောင်းတယ်။ အချိန်နဲ့ တစ်ပြေးညီ ပို့ပေးတော့ လန့်စရာတော့ ဖြစ်တယ်။ စဖြစ်တဲ့ နေ့တုန်းကဆို ည ၁၂ နာရီကြီး Alert ထမြည်တော့ လန့်သွားတယ် ။ ဒါပေမဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ပေးတာ ကောင်းပါတယ်” ဟု ယူအေအီးနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ဓာတ်ပုံ- မတ်လ ၁ ရက်နေ့ ယူအေအီးနိုင်ငံ ရှာဂျာမြို့ (Sharjah City) စက်မှုဇုန်ရှိ ကုန်လှောင်ရုံတစ်ခုတွင် အီရန်ပစ်ခတ်သော ဒုံးကျည်ထိမှန်ပြီး မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article