34 C
Yangon

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်ပြီး ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီများ တန်းစီ ဝယ်ယူနေ၊ ဆီဆိုင်အချို့ အကန့်အသတ်ဖြင့်သာ ရောင်းတော့

Must read

ရန်ကုန်၊ မတ် ၃

အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် အမေရိကန်တို့အကြား စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု လမ်းကြောင်းများ ထိခိုက်လာနေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာပြီးနောက် မြန်မာနိုင်ငံ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အပါအဝင် မြို့ကြီးအချို့တွင် ယမန်နေ့မှစတင်ကာ စက်သုံးဆီများကို တန်းစီတိုးဝယ်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၂ ရက်နေ့မှစတင်၍ ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများရှိ စက်သုံးဆီဆိုင်များတွင် ကားတန်းကြီးများဖြင့် တန်းစီနေကြရပြီး ဆိုင်အချို့မှာ ဆီပြတ် လပ် မှုများ ရှိနေကြောင်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ မြောက်ဒဂုံ၊ မရမ်းကုန်းမြို့နယ်၊ လှိုင်သာယာ အပါအ၀င် မြို့နယ်အများစုရှိ စက်သုံးဆီအရောင်းဆိုင် များတွင် ဆီလာထည့်သော ကားတန်းများဖြင့် စီတန်းပြည့်နှက်နေကြောင်း သိရှိရသည်။

ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက “ပုံမှန်ဆိုရင် ဆီဆိုင်တွေမှာ ကားတောင် ဆီပန့်နားမှာ သိပ်မရှိတာက ခပ်များများပါ၊ လူတွေကလည်း တစ်ခုခုဆိုရင် အရမ်း ဝီရိယလွန်ပြီး ကြောက်လန့်ဝယ်နေကြတာ ဆိုးတယ်” ဟု ပြောဆိုသည်။

အခြားရန်ကုန်မြို့ခံတစ်ဦးကလည်း “မနေ့က ဆီနည်းနေလို့ မြင်သာ Max မှာ ကားတန်းများလို့ Puma မှာ ဝင်ထည့်တာ၊ ဆီကုန်နေလို့ မရောင်းဘူးဆိုပြီး ပြန်လှည့်လာရတယ်” ဟု ဆိုသည်။

မြောက်ဒဂုံရှိ ရွှေပင်လုံ Denko ဆိုင်တွင်လည်း တန်းစီနေသူများပြားပြီး 95 အောက်တိန်းဓာတ်ဆီ ပြတ်လပ်နေကြောင်း သိရသည်။

“လောလောဆယ်တော့ 95 မရှိဘူး၊နေ့လယ် ၁၂ နာရီကျော်မှ ပြန်ရမယ်တဲ့။ တစ်ခုခုဆို Panic ဖြစ်ကြတာလည်း မကောင်းဘူး” ဟု တန်းစီနေသူတစ်ဦးက ပြောသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Terminal ဆီဆိုင်တွင် ကား ၁စီးလျှင် ငွေကျပ် ၅ သောင်း ကျပ်ဖိုးသာ စက်သုံးဆီများ ကန့်သတ်ရောင်းချပေးနေပြီး မြောက်ဒဂုံမြို့နယ် ဗထူးလမ်းရှိ Max ဆိုင်တွင်မူ 92 ဓာတ်ဆီ တစ်မျိုးသာ ရရှိတော့ကြောင်း သိရသည်။

မန္တလေးမြို့တွင်လည်း ဆီဆိုင်များ၌ တန်းစီစောင့်ဆိုင်းနေရပြီး ကားတစ်စီးလျှင် ဆီ ၁ သိန်းကျပ်ဖိုးအထိသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

“မန္တလေးမှာတော့ တန်းစီနေရတယ်၊ 92 ပဲ ရတယ်။ တစ်သိန်းဖိုးပဲ ရောင်းပေးတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်မူ ယခင်က တန်းစီရလေ့မရှိသော်လည်း ယခုအခါ အလယ်ဘီအိုစီဆိုင် အပါအဝင် ဆီဆိုင်တိုင်းတွင် ကားတန်းကြီးများ အရှည်ကြီး ဖြစ်နေသည်။

ဒေသခံတစ်ဦးက “တောင်ကြီးမှာ စက်သုံးဆီတွေ ကြိတ်ကြိတ်တိုး ဝယ်နေကြပြီ၊ ဈေးတော့ မတက်သေးဘူး ပုံမှန်ပဲ။ ဆီကတော့ လောလောဆယ် မပြတ်သေးပေမယ့် ကားတန်းကြီးက အရှည်ကြီးပဲ” ဟု ပြောကြားသည်။

ယခုကဲ့သို့ စက်သုံးဆီများကို တိုးဝယ်နေကြခြင်းမှာ အရှေ့အလယ်ပိုင်းတွင် အီရန်နှင့် အမေရိကန်တို့ကြား ပြဿနာများကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်သွားခြင်း၊ ဆော်ဒီအာရေးဗီးယားရှိ ရေနံချက်စက်ရုံအချို့ ပိတ်လိုက်ရသည်ဟူသော သတင်းများကြောင့် စက်သုံးဆီအဝင် နည်းလာနိုင်သည်ဟု သုံးသပ်ကာ ဆီများကို ကြိတ်ကြိတ်တိုး တန်းစီဝယ်နေကြခြင်းဖြစ်ကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article