ရန်ကုန်၊ မတ် ၃
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၁ ခုမှ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ စုစုပေါင်း ၃,၅၀၀ ကျော် လွတ်မြောက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့တွင် ထုတ်ပြန်သည်။
PPNM ၏ စိစစ်ချက်အရ မတ်လ ၂ ရက်နေ့တွင် လွတ်မြောက်လာသူများထဲ၌ မန္တလေး အိုးဘိုအကျဉ်း ထောင်မှ အရေအတွက်အများဆုံးဖြစ်ပြီး အမျိုးသား ၆၈၀ ဦး၊ အမျိုးသမီး ၁၇၄ ဦးနှင့် အချုပ်သား ၈၈ ဦးတို့ ပါဝင်သည်။
ကနဦး ရရှိထားသော အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ လွတ်မြောက်မှု အနေဖြင့် မကွေးအကျဉ်းထောင်မှ ကျား ၂၅၁ ဦး၊ မ ၈၈ ဦး၊ မုံရွာအကျဉ်းထောင်မှ ကျား ၂၀၀ ဦး၊ မ ၄၇ ဦး၊တောင်လေးလုံး (ညောင်ရွှေ)ထောင်မှ ကျား ၂၀၀ ဦး၊ မ ၈၄ ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ ကျား ၁၇၇ ဦး၊ မ ၆၂ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ကျား ၁၀၀ ဦး၊ မ ၂၀ ဦး၊ ကျိုက်မရောအကျဉ်းထောင်မှ ကျား ၈၇ ဦး၊ မ ၇၃ ဦး၊ ကလေးအကျဉ်းထောင်မှ ကျား ၈၁ ဦး၊ မ ၂၅ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ပခုက္ကူ၊ ရွှေဘို၊ ရမည်းသင်း၊ လွိုင်ကော်နှင့် မြောင်းမြအကျဉ်းထောင်တို့တွင်လည်း လွတ်မြောက်သူ ရာနှင့်ချီရှိနေပြီး ကျား၊ မ ဦးရေ အသေးစိတ်ကိုမူ ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးမည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် နိုင်ငံရေးအကျဉ်းသား ၃,၀၀၀ ကျော်သာ လွတ်မြောက်သေးကြောင်း PPNM ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
“လွတ်သင့်တဲ့လူတွေ လွတ်ရမယ်လို့ ပြောထားတဲ့ ပုဒ်မတွေ မလွတ်လာတာမျိုး အဓိက တွေ့ရပါတယ်။ ပုဒ်မ ၅၂ (ဂ)၊ ပုဒ်မ ၅၀ (ည) နဲ့ ဖမ်းခံရတဲ့ မလွှတ်ရသေးတဲ့လူတွေကို လွှတ်ပေးဖို့ လိုအပ်သလို တခြားနိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး ၅ ဦး လွတ်မြောက်မှု အပါအဝင် အချို့သော အကျဉ်း ထောင်များ၏ လွတ်မြောက် စာရင်းကို ပြန်လည် ဆက်လက်စိစစ်နေဆဲဖြစ်ပြီး၊ ယခုထုတ်ပြန်ချက်သည် ယနေ့မွန်းလွဲပိုင်းအထိ ရရှိထားသော အခြေအနေများသာ ဖြစ်ကြောင်း PPNM က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ် လွတ်မြောက်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ PPNM က ဆက်လက် စိစစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




