27 C
Yangon

ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၉၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၉၁ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးကာ စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၉၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို ဒရုန်းဖြင့် ၈ ကြိမ်၊ လေယာဥ်ဖြင့် ၂၁ ကြိမ်၊ လက်နက်ကြီးများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလပိုင်းကလည်း ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦးသေဆုံးကာ ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး ဖာပွန်မြို့နှင့် ၄ မိုင်ခန့်အကွာ၊ ကမမောင်းမြို့နှင့် ၄၉ မိုင်ခန့်အကွာရှိ အကြမ်းဖက် စစ်တပ်၏ ဖာပွန်ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာနေသောကြောင့် လေကြောင်းပစ်ကူများဖြင့် ဆက်တိုက် ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗျူဟာကုန်းတွင် ကျန်ရှိနေသည့် စစ်တပ်စခန်းကို ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုဗျူဟာကုန်းပတ်လည်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article