35 C
Yangon

ကျောက်ကြီး၊ မုန်းနှင့် ဝက်လက် မြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက် ပြေးနေရ

Must read

ရန်ကုန်၊ မတ် ၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၄ ရက်နေ့တွင် မုန်းမြို့နယ်၌ အကြမ်းဖက် စစ်တပ်က နတ်လောင်းလေး ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၅၃ နှစ်အရွယ် ဦးစိုးသိန်းနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အသက် ၃၃ နှစ်အရွယ် ဦးငြိမ်းချမ်းဦးလည်း စစ်တပ် ထောင် ထားသော မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီး မြို့နယ်တွင်လည်း မတ်လ ၅ ရက်နေ့၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အင်းပရိ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၃ နှစ် အရွယ် ပြည်သူ ၁ ဦးနှင့် အသက် ၄၆ နှစ်အရွယ် ကိုခက်ခက်နိုင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်း ဖက် စစ်တပ် ဒရုန်းဖြင့် လိုက်လံဗုံးကျဲနေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ နံနက် နံနက် ၁၀ ကျော်မှ စတင်ပြီး စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း သဲအင်းရွာနှင့် ကြက် တူရွေးရွာတွင် ရှိနေသော အကြမ်းဖက် စစ်သားများသည် ဒရုန်းများဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကမ်းဖြူရွာကို ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက် ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် သစ်ဆိပ်ရွာနှင့် ကူကြီးရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သစ်ဆိပ်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ကျေးရွာများအတွင်း တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။

“ဝက်လက်မြို့နယ်ထဲကို စဉ့်ကူးဘက်က စစ်ခွေးတွေက ဒရုန်းနဲ့ ဆက်တိုက်ကို ဗုံးကျဲနေတာ ပြည်သူတွေ လည်း အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာထဲမှာ ပြည်သူတွေမရှိတော့ ထိခိုက်တာတော့ မရှိနိုင်ပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ အကြမ်းဖက် စစ်တပ်က တပ်ဖြန့်၍ တပ်စွဲထားသောကြောင့် ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article