ရန်ကုန်၊ မတ် ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အောင်ပြည်စိုးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူတချို့က ရွာထဲဝင်ရောက်ပြီး မီးငြိမ်းသတ်နိုင်ခဲ့သောကြောင့် နေအိမ် ၁၅ လုံးခန့်သာ မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ ကျေးရွာများကို လှည့်ပတ် မီးရှို့ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ညပိုင်း၌ အောင်ပြည်စိုးရွာ ဘုန်းကြီးကျောင်းအတွင်း ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း သိရှိရသည်။
ထို စစ်ကြောင်းသည် ယနေ့ နံနက် အစောပိုင်းတွင် အောင်ပြည်စိုးရွာ ဘုန်းကြီးကျောင်းမှ ပြန်လည် ထွက်ခွာလာပြီး လက်ရှိချိန်ထိ စစ်ကြောင်းထိုးနေဆဲဖြစ်ကာ ပက်တာရွာဘက်ကို ရောက်ရှိနေကြောင်း၊ စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားသော်လည်း နောက်ကျန် စစ်ကြောင်းများ ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့် ပြည်သူအများစုသည် ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မနေ့က နံနက်ပိုင်းက စစ်ခွေးစစ်ကြောင်းက ကျောက်ကုန်းရွာဘက်ကနေ ဆင်းလာတယ်လို့ပြောတယ်။ အဲလိုဆင်းလာပြီးတော့ အောင်ပြည်စိုးရွာကို မီးစရှို့တယ်။ နောက်ပြီး ရှားတောကုန်းတို့ ပြည်တော်သာတို့ ရွှေညောင်ပင်တို့ကို ထပ်ရှို့တယ်။ အဲလိုမီးရှို့ပြီးတော့ စစ်ခွေးစစ်ကြောင်းက အောင်ပြည်စိုးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ဒီနေ့ နံနက်ပိုင်းမှာဆက်ပြီး စစ်ကြောင်းထိုးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလပိုင်းကလည်း မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နတ်ညွန်းရွာမှ နေအိမ် ၂၀၀ ကျော်၊ ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာမှ နေအိမ် ၃၀၀ ကျော်၊ တန်းဆောင်းရွာမှ နေအိမ် ၁၀၀ ကျော်နှင့် ပြည်တော်သာရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။




