ရန်ကုန်၊ မတ် ၉
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ရေနံစည် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ကျော်အထိ ထိုးတက်သွားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စစ်မီးဟာ ကမ္ဘာ့စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ရိုက်ခတ်နေပြီး၊ ဒီကနေ့မှာတော့ ရေနံဈေးနှုန်းတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ကို ကျော်တက်သွားပါပြီ။
ကမ္ဘာ့ရေနံဈေးကွက်ရဲ့ စံနှုန်းဖြစ်တဲ့ Brent ရေနံစိမ်းဈေးဟာ တနင်္ဂနွေနေ့မှာတင် ၂၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီး တစ်စည်ကို ၁၁၁ ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရေနံဈေးနှုန်း ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းပြဿနာကို အဓိကထား မဲဆွယ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီလို ရေနံဈေးတက်တာကို ဂရုမစိုက်တဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့ပါတယ်။
သူက “အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အမြစ်ပြတ်အောင် ဖျက်ဆီးပြီးရင် ရေနံဈေးတွေ ပြန်ကျသွားမှာပါ။ အမေရိကန်နဲ့ တစ်ကမ္ဘာလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဒီလောက်ပေးရတာဟာ တန်ပါတယ်” လို့ Truth Social မှာ ရေးသားခဲ့ပါတယ်။
အီရန်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံ ၅ ပုံ ၁ ပုံ စီးဆင်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှာ သင်္ဘောသွားလာမှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။ ဒါကြောင့် အီရတ်၊ ယူအေအီးနဲ့ ကူဝိတ်နိုင်ငံတွေမှာ ရေနံတွေ သိုလှောင်ရုံမရှိတော့တဲ့အတွက် ထုတ်လုပ်မှုကိုပါ လျှော့ချနေရပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံအတွင်းက အဓိက စွမ်းအင်အဆောက်အအုံတွေလည်း တိုက်ခိုက်ခံနေရပါတယ်။
ရေနံဈေးနှုန်း မြင့်တက်လာမှုကြောင့် ယနေ့ (တနင်္လာနေ့) မနက်ပိုင်း အာရှစတော့ဈေးကွက်တွေမှာ အကြီးအကျယ် ထိုးကျသွားပါတယ်။ ဂျပန်နိုင်ငံရဲ့ Nikkei ညွှန်းကိန်းဟာ ၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားသလို၊ တောင်ကိုရီးယားရဲ့ KOSPI ဟာလည်း ၇ ရာခိုင်နှုန်းနီးပါး ပြိုလဲသွားပါတယ်။ အမေရိကန် စတော့ဈေးကွက် ကြိုတင်အညွှန်းကိန်းတွေဖြစ်တဲ့ S&P 500 နဲ့ Nasdaq တို့လည်း သိသိသာသာ ကျဆင်းနေပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ အဓိက ရေနံထုတ်လုပ်ရာလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့နေမှုကြောင့် ဒီနေ့ တနင်္ဂနွေနေ့မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ တစ်စည်ကို ၁၁၀ ဒေါ်လာနီးပါးအထိ အရှိန်အဟုန်နဲ့ ထိုးတက်သွားတာလည်းဖြစ်ပါတယ်။
ဈေးကွက်အခြေအနေကို ကြည့်ရင် အမေရိကန်ရေနံစိမ်း (WTI) ဟာ ၂၀ ဒသမ ၇၅ ရာခိုင်နှုန်း (၁၈ ဒသမ ၈၃ ဒေါ်လာ) ခုန်တက်သွားပြီး တစ်စည်ကို ၁၀၉ ဒသမ ၇၅ ဒေါ်လာ ဖြစ်သွားပါတယ်။ ကမ္ဘာ့စံနှုန်းဖြစ်တဲ့ Brent ရေနံစိမ်းကလည်း ၁၈ ဒသမ ၂ ရာခိုင်နှုန်း တက်ပြီး ၁၀၉ ဒသမ ၄၈ ဒေါ်လာ အထိ ရောက်ရှိခဲ့ပါတယ်။
ဒီရေနံစျေးတွေက စံချိန်သစ်တင်တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်အတွင်း အမေရိကန်ရေနံဈေး ၃၅ ရာခိုင်နှုန်းအထိ တက်ခဲ့တာဟာ ၁၉၈၃ ခုနှစ်နောက်ပိုင်း ရေနံဈေးကွက် သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး အပတ်စဉ် မြင့်တက်မှုပဲ ဖြစ်ပါတယ်ဗျာ။
ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ မဖြတ်သန်းရဲတော့တဲ့အတွက် ရေနံတွေဟာ သိုလှောင်ရုံတွေမှာ ပုံနေပြီး ထွက်ပေါက်မရှိဖြစ်နေပါတယ်။ ဒါကြောင့် ဒုတိယအကြီးဆုံး ရေနံထုတ်လုပ်သူဖြစ်တဲ့ အီရတ်မှာ ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းအထိ ပြိုလဲသွားပြီး တစ်နေ့ကို ၁ ဒသမ ၃ သန်းစည်အထိ လျော့ ကျသွားပါတယ်။ စစ်မဖြစ်ခင်က ၄ ဒသမ ၃ သန်းစည် ထုတ်လုပ်ခဲ့တာပါ။
ကူဝိတ်နှင့် ယူအေအီး: ကူဝိတ်ကလည်း ဘေးကင်းလုံခြုံရေးအရ ထုတ်လုပ်မှုတွေကို လျှော့ချလိုက်သလို၊ ယူအေအီး (ADNOC) ကလည်း သိုလှောင်ရုံ အခြေအနေတွေအရ ကမ်းလွန်ထုတ်လုပ်မှုတွေကို ထိန်းညှိနေရပါတယ်။
အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက် (Chris Wright) ကတော့ အီရန်ရဲ့ ခြိမ်း ခြောက်မှုတွေကို အမေရိကန်က အပြတ်ရှင်းပြီးရင် ရေလက်ကြားကနေ သင်္ဘောတွေ ပုံမှန်ပြန်သွားနိုင်မှာဖြစ်ပြီး အဆိုးဆုံး အခြေအနေမှာတောင် ရက် သတ္တပတ် အနည်းငယ်ပဲ ကြာမှာဖြစ်ကြောင်း၊ လနဲ့ချီပြီး ကြာမှာမဟုတ်ကြောင်း CNN နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဓာတ်ပုံ- အမေရိကန်နှင့် အစ္စရး၏တိုက်ခိုက်မှုကြောင့် အီရန်ရှိ ရေနံချက်စက်ရုံ မီးလောင်ကျွမ်းနေစဉ်။




