ရန်ကုန်၊ မတ် ၉
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အင်အားတောင့်တင်းသော ရေတပ်ထူထောင်ရန်နှင့် ရေတပ်စစ်ဌာနချုပ်၏ သင်္ဘောကျင်းမှ ဝင်ငွေ ပြန်ရှာကြရန် စေခိုင်းပြောဆိုသည်။
ယမန်နေ့ ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်၊ ရေတပ်စစ်ဌာနချုပ်၏ တန် ၄၀၀၀၀ သင်္ဘောကျင်း ဖွင့်ပွဲအခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုစေခိုင်းသွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်ပြင်အတွင်းသာမကဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာ တည်ရှိနေကြောင်း၊ မြန်မာ့ပင်လယ်ပြင်သည် ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ ဖြတ်သန်းသွားလာရာ အဓိကလမ်းကြောင်းတစ်ခု ဖြစ်သည့်အပြင်၊ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ် ကမ်းများ ရှိနေခြင်းကြောင့် အလွန်အရေးပါလျက်ရှိ၍ အင်အား တောင့်တင်းသော ရေတပ်ထူထောင်ရန် လိုအပ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် ယမန်နေ့ စတင်ဖွင့်လှစ်လိုက်သော ရေတပ်စစ်ဌာနချုပ်၏ တန် ၄၀,၀၀၀ ရေလုံလွန်း ကျင်းမှာ စစ်ရေယာဉ်များကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း၊ ရေတပ်စစ်ဌာနချုပ်၏ ရေလုံလွန်းကျင်းကြီးမှာ နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သဖြင့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့် စနစ်တကျ အသုံးပြုရန် ၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိစေရန်အတွက် ပြည်တွင်းပြည်ပ ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများကို တည်ဆောက်ပြုပြင်ပေးနိုင်သည်အထိ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်လက်ထက်တွင် ရေတပ်မှာ စစ်ရေယာဉ်ပေါင်း ၂၂၇ စီးခန့် တိုးပွားလာပြီး ရေငုပ်သင်္ဘောများဖြစ်သည့် မင်းရဲကျော်ထင်နှင့် မင်းရဲသိင်္ခသူ အပါအဝင် ဖရီးဂိတ်၊ ကော်ဗက်၊ ဒုံးပျံတင် စစ်ရေယာဉ်များနှင့် အထူးစစ်ဆင်ရေးရေယာဉ်များကို တိုးချဲ့ တည်ဆောက် ဝယ်ယူမှုများ လုပ်ဆောင်လျက်ရှိသည်။
ယမန်နေ့ အခမ်းအနားတွင် မင်းအောင်လှိုင်က သာလွန်မင်း အမည်ရှိသော ဖရီးဂိတ် စစ်ရေယာဉ်ကိုလည်း ထပ်မံတပ်တော်ဝင်ခဲ့ကြောင်း သိရှိရသည်။




