ရန်ကုန်၊ မတ် ၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၉ ရက်နေ့တွင် ယင်းမာပင်မြို့ဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက နှောရိုးရွာနှင့် ကောင်းဆင့်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“ဒီနေ့ ယင်းမာပင်မြို့ဘက်ကနေ ထွက်လာတဲ့ စစ်ခွေးတွေနဲ့ PDF တွေ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေဘက်က ၃ ကောင် သေတယ်လို့ သိရတယ်။ တိုက်ပွဲပြီးတော့ ဒဏ်ရာရ စစ်ခွေးတွေကို ထမ်းခေါ်ပြီး မုံရွာဘက်ကူးသွားတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အပြည့်အစုံ သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းလျက်ရှိသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စရဖ ရုံးတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က ပြောဆိုသည်။
မတ်လ ၃ ရက်နေ့၊ မတ်လ ၇ ရက်နေ့နှင့် မတ်လ ၈ ရက်နေ့တို့တွင် လောင်းလုံးမြို့ရှိ စရဖ ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း နေပြည်တိုင်းစစ်ဌာနဗျူဟာ ၁၉ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်ထွဲထားသော စခန်းကို နေပြည်တိုင်းစစ်ဌာနဗျူဟာ ၁၈၊ ၁၉ လက်နက်ကြီးအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ရွာသစ်ကျေးရွာမှာရှိတဲ့ စစ်ခွေး အထိုင်ချ တပ်စွဲထားတဲ့စခန်းကို မတ်လ ၈ ရက်နေ့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အဲစခန်းမှာ စစ်ခွေး အင်အား ၆၀ လောက်ရှိတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးဘက်က ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ ကျဆုံးမှုတွေကို အတိအကျ မပြောနိုင်သေးဘူး။ ခန့်မှန်းခြေ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခဲ့တာပါ”ဟု နေပြည်တိုင်းစစ်ဌာနဗျူဟာ ၁၉ မှ တာဝန်ရှိသူက ပြောဆိုသည်။




