ရန်ကုန်၊ မတ် ၁၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၃၀ ခန့် သေဆုံးပြီး သေနတ် ၄ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Bagan Ogre Force (ညောင်ဦးမြို့နယ် ပကဖ) က ထုတ်ပြန်ထားသည်။
မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဖလန်ကန်ကျေးရွာဘက်မှ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်း ၂ ခုခွဲ၍ တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦး သေဆုံးကာ MA-3 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည်အတောင့် ၁၀၀ နှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း ကူတောရွာဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒုတိယအကြိမ် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အထိနာသွားသော အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားများက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကူတောကျေးရွာမှ ပြည်သူပိုင် နေအိမ် ၄၀ ခန့်နှင့် ဆိုင်ကယ် အစီး ၂၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေကြေးနှင့် လက်ဝတ်ရတနာများကိုလည်း ခိုးယူလုယက်သွားကြကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ ဒုတာဝန်ခံ (စစ်ဘက်ရေးရာ) ရဲဘော် ပန်ဒါ နှင့် ပုဂံပြည်ဘီလူးတပ်စစ်ကြောင်းမှူး ရဲဘော် မုန်တိုင်း/ရဲဘော် မော်စီ နှင့် ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ရဲဘော် များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း မတ်လ ၄ ရက်နေ့တွင် စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ မတ်လ ၆ ရက်နေ့တွင် ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းစဉ် ကျေးရွာနေပြည်သူ အဖွားအို ၃ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး ရွာထဲရှိ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။




