ရန်ကုန်၊ မတ် ၁၁
မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သားများ တပ်စွဲထားသော နေရာကို ထိမှန်ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း COBRA ONE တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၉ ရက်နေ့တွင် ည ၇ နာရီနှင့် ည ၁၀ နာရီ ၃၀မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်ရှိ အနောက်ဘုန်းကန်ပျူစောထီးကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၅လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ တပ်စွဲထားသောနေရာများကို ထိမှန်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယင်းတိုက်ခိုက်မှု စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်များကိုလည်း ကျည်ထိမှန်ခဲ့ပြီး ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“စစ်ခွေးသေစာရင်းက အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေ တပ်စွဲနေထိုင်တဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေရှိတယ်။ အနောက် ဘုန်းကန်ရွာက ပျူစောထီးရွာ စစ်ခွေးတွေကော ပျူတွေကော အဲရွာထဲက နေအိမ်ထဲမှာ တပ်စွဲထားတာ အခုလက်ရှိတော့ စစ်ခွေးနဲ့ ပျူစောထီး ၃၀ ကျော်လောက် အဲ့ရွာထဲမှာ တပ်စွဲထားတယ်။ ရှော့တိုက်ဒုံး စုစုပေါင်း ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီးတွေအနေနဲ့ ပြည်သူနဲ့အတူ မပူးပေါင်းရင် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်သွားမယ်” ဟု COBRA ONE တပ်ဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ နှင့် Cobra One အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။




