29 C
Yangon

ထီးချိုင့်ရှိ ဘုန်ကြီးကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု သံဃာတော် ၆ ပါး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ ယင်းမာပင်နှင့် ဘီးလင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဘုန်ကြီးကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၆ ပါး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ဟုမ္မလင်းဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ထီးချိုင့်မြို့နယ်၊ အလယ်တောရွာ တိုက်နယ်ဆေးရုံ အနီးကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က အောင်သာကုန်း ရွာအနီးကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း စပ်စားရွာနှင့် နီတာရွာအနီးကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ၄ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့နယ်၊ ဇီးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ၊ ကိုရင် ၄ ပါး ၊ ဥူးဇင်း ၂ ပါး နှင့် ၈ နှစ်အရွယ် ကလေး ၁ ဦး‌သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

အလားတူ စစ်ကိုင်းတိုင်းယင်းမပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နမခ မှ တက်လာသော Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ဒီနေ့ လေးယာဉ်နဲ့ ပုလဲနယ်ထဲက ချင်ပြစ်ရွာဘက်ကို ရောက်နေတဲ့ စစ်ခွေးတွေကို ရိက္ခာတွေ လာကျဲတာရှိတယ်၊ နောက်ပြီး မွန်းလွဲပိုင်းကလည်း Gyrocopter တွေနဲ့ ယင်းမာပင်နယ်ထဲကို ကျဲသွားတာရှိတယ်။ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဘီးလင်းမြို့နယ်ရှိ ရွှေမှော်များရှိရာ ဘက်ကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်မှ စတင်ပြီး ၅ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article