ရန်ကုန်၊ မတ် ၁၁
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ အင်းဗလာရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းဗလာရွာကို Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ညောင်လေးပင်ထဲက အင်းဗလာရွာကို စစ်ခွေးတွေ ဒီနေ့ Gyrocopter နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၆ ဦးသေဆုံးပြီး နေအိမ်လည်း ပျက်စီးသွားတယ်။ ပြည်သူ ၆ ဦးလုံးက ပွဲချင်းပြီးသေဆုံးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ညောင်လေးပင်မြို့နယ်တွင်လည်း မတ်လ ၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်က တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းက ကာမီကာဇေ ၊ လက်နက်ကြီး၊ ဒရုန်း နှင့်လေယာဉ်များအသုံးပြုကာ ရေတွင်းကုန်း၊ ခရုကုန်းနှင့်ကျောင်းကုန်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုးများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ဦး ကျော်ကို ညှင်းပန်းနှိပ်စက်ခြင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ကျော်ကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၃ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။







