28 C
Yangon

KNU ဗဟိုဌာနချုပ်ကို စစ်တပ်က အသေခံဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်၊ လူထိခိုက်မှုမရှိဘဲ ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့

Must read

ရန်ကုန်၊ မတ် ၁၃

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် တည်ရှိရာ ကရင်ပြည်နယ်၊ တပ်မဟာ ၇ နယ် မြေအတွင်းသို့ စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် ကာမီကာဇေ (Kamikaze) အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း KNU စစ်ရေး သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

ယနေ့ မတ်လ ၁၃ ရက် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်မှစတင်၍ စစ်ကောင်စီဘက်က အသေခံဒရုန်း ၃ စီးဖြင့် KNU ဌာနချုပ်ရှိရာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းများအနက် ၂ စီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျန် ၁ စီးမှာမူ ဘုရားကျောင်းအနီးသို့ ကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိဘဲ ပျက်ကျသွားခဲ့သည်။

ယနေ့တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒရုန်းများမှာ ကာမိကာဇေ အသေခံ ဒရုန်းအမျိုးအစားများဖြစ်ပြီး လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

“ဒီနေ့ မနက် ၉ နာရီ ၁၀ မိနစ်ကစပြီး KNU ဌာနချုပ်ကို စစ်တပ်က ကာမီကာဇေအသေခံဒရုန်းတွေနဲ့ လာချသွားတာ။ ဒရုန်း ၃ စီး လာသွားတယ်၊ ၂ စီးပဲ ပေါက်ကွဲတယ်။ နောက်ဆုံး ၁ စီးကတော့ ပစ်ချနိုင်ခဲ့တာကြောင့် ဘုရားကျောင်းနားကို ကျသွားပြီး မပေါက်ကွဲခဲ့ဘူး” ဟု KNU စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က KNU ဗဟိုဌာနချုပ်ကို ယခုနှစ်အတွင်း၌သာမက ယခင်နှစ်များကတည်းက အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း နံနက် ၇ နာရီကျော်မှစတင်ကာ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုစဉ်ကလည်း ကရင့်တော်လှန်ရေးနေ့ကဲ့သို့ အခမ်းအနားများပြုလုပ်သည့် စစ်ရေးပြကွင်းနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

KNU ဌာနချုပ်သို့ အသေခံဒရုန်းဖြင့် စစ်တပ်၏ တိုက်ခိုက်မှုများမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်၍ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးနီးပါး ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

၂၀၂၅ခုနှစ်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့ ၊ ဇွန် ၁၁ ရက်နေ့၊ ဇန်နဝါရီ ၃၁ ရက်နေ့တို့တွင် အသေခံဒရုန်းများဖြင့် စစ်တပ်က KNU ဌာနချုပ်ကို တိုက်ခိုက်ခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ကာမီကာဇေဒရုန်း ၄ စီးဖြင့် KNLA ဗဟိုဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

KNU အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အရှိန်အဟုန်ဖြင့် ဦးဆောင်နေမှုကို တုံ့ပြန်ရန်အတွက် ဌာနချုပ်ရုံးနှင့် ခေါင်းဆောင်ပိုင်းများရှိရာနေရာကို အဓိကပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် အသေခံဒရုန်းများကို အသုံးပြု၍ ခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း KNU ဘက်ကမူ စစ်ရေးသတိဖြင့် ခုခံကာကွယ်လျက်ရှိကြောင်း သိရသည်။

KNU သည် NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းဖြစ်သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ ပြည်သူ လူထု ဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အဓိကဦးဆောင် တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုကြီး ဖြစ်သည်။

လက်ရှိတွင် ဌာနချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီ၏ ဒရုန်းနှင့် လေကြောင်းရန် အန္တရာယ်မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သဖြင့် ဒေသခံများနှင့် တာဝန်ရှိသူများက စစ်ရေးသတိ အမြဲရှိနေရန် နှိုးဆော်ထားသည်။

ဓာတ်ပုံ- ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ KNU ဌာနချုပ်တွင် ကျင်းပခဲ့သည့် KNU တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနား။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article