ရန်ကုန်၊ မတ်လ ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးရှိ တရုတ်ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း ဆိုက်တစ်ခုအတွင်းသို့ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သော လက် နက်ကြီးကျရောက်ပေါက်ကွဲပြီး လူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဖလူးကျေးရွာအနီး ကျွန်းတောဒေသရှိ ရွေ့လျားတရုတ်ကျားဖြန့်ဆိုက် ၁ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းပေါက်ကွဲမှုကြောင့် ကျားဖြန့်ဆိုက်အတွင်းရှိ လူ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်း သတင်းရင်းမြစ်အချို့၏ အဆိုအရ အဆိုပါနေရာတွင် လုံခြုံရေးယူထားသည့် စောဆန်းအောင် (ဖလူးကျွန်းတောစခန်း) လက်အောက်ခံ DKBA တပ်ဖွဲ့ဝင် ၁၂ ဦးခန့်၊ တရုတ်တချို့ပါ ထိခိုက်မှုရှိကြောင်း မြေပြင်သတင်းများအရ သိရှိရသည်။
“ဒီတရုတ်ဆိုဒ်က အထပ်မြင့်တိုက်တွေနဲ့ မဟုတ်ဘဲ ရွှေ့ပြောင်းလို့ရတဲ့ ပုံစံမျိုးနဲ့လုပ်နေတဲ့ ကျားဖြန့်ငွေလိမ်တဲ့ ဆိုဒ်ပါ။ စစ်ကောင်စီကို သူတို့ဆိုဒ်ထဲ လက်နက်ကြီးမကျအောင် ပိုက်ဆံပေးထားတယ်လို့ သိရပေမယ့် အခုတော့ ကျရောက်ပေါက်ကွဲတာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ဖလူးသုံးထပ်ကွေ့အနီး၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသော်လည်း ယင်းကျားဖြန့်လုပ်ငန်းမှာ ယခင် မင်းလက်ပံရေပေါ်ဈေးနေရာမှ ပြောင်းရွှေ့လာပြီး ဆက်လက်လည်ပတ်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများကြားတွင် ယခုကဲ့သို့ လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်မှုများပြားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လတ်တလော မြ၀တီမြို့နယ်တွင် DKBA နှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်၊ စရဖများအကြား မတ်လ ၁၀ ရက်နေ့နှင့် မတ်လ ၁၁ ရကနေ့တို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုများကြောင့် စစ်တပ်ဘက်မှ စရဖ စစ်ထောက်လှမ်းရေးတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် နှစ်ဖက် ဆက်ဆံရေးတင်းမာနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖလူးရွာရှိ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများ လှုပ်ရှားနေသော နေရာနှင့် အဆောက်အအုံများ။






