By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတို့က ကန့်ကွက်ခဲ့တာကြောင့် စစ်တပ်ကလုပ်ဖို့ စီစဉ်ထားတဲ့ ကော့စတစ်ဆိုဒါစက်ရုံစီမံကိန်းကို ဖျက်သိမ်းလိုက်ရပြီး ဒေါ်လာသန်း ၂၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးမှာရှိတဲ့ တရုတ်ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းဆိုက်တစ်ခုထဲကို မနေ့ကမနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂၂ ရပ်ကွက်မှာ အပိုင်း ၃ ဆယ်အိမ်မှူး ဝင်းကျော် ဆိုသူက ရပ်ကွက်ထဲက လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ မတရား အမှုဆင်ပြီး ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ စစ်မှုထမ်းအဖြစ် လူရောင်းစားတာတွေကို အကြီးအကျယ်လုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေ တိုင်ကြားလာချက်အရ သိရပါတယ်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ KBZ Bank ဘဏ်ခွဲတစ်ခုကို မနေ့က နေ့လယ်ပိုင်းမှာ လက်နက်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဝင်ရောက်ပြီး ဓားပြတိုက်သွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




