26 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်သူ ၃၀၀၀ နီးပါး ခိုလှုံနေသော ပလော့တပို့စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်း ၄ စီးဖြင့် တိုက်ခိုက်မှု စစ်ရှောင်ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ မတ် ၁၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးရှိ လေးကေ့ကော် (ပလော့တပို့/အမိုးပြာ) ယာယီစစ်ရှောင်စခန်းကို စစ်တပ်က ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ကာမီကာဇေ (Kamikaze) အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း နယ်စပ်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်အချိန် အကြမ်းဖက်စစ်တပ်က အသေခံဒရုန်း ၄ စင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ ဒရုန်း ၂ စင်းမှာ စစ်ရှောင်စခန်းအတွင်းရှိ ဆေးခန်းနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ဆေးခန်းအနီးရှိ ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ ဝန်းကျင် ခိုလှုံနေသည့် အဆိုပါစခန်းသို့ ယနေ့နံနက်ပိုင်းကတည်းက စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုကြသည်။

“စစ်တပ်ရဲ့ ကာမီကာဇေ ဒရုန်း ၄ စီးလာတာမှာ ၂ စီးက စခန်းထဲက ဆေးခန်းကို တည့်တည့်ကျတာ။ အခုတော့ စစ်ရှောင်တွေ ထိုင်းဘက်အခြမ်းကို ပြေးဖို့ ပြင်နေကြတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ဘေးတွင် တည်ရှိသည့် အဆိုပါစစ်ဘေးရှောင်စခန်းမှ ပြည်သူများသည် တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းနေကြသော်လည်း ထိုင်းအာဏာပိုင်များဘက်က လက်ခံခြင်း ရှိ၊ မရှိ စိုးရိမ်နေကြကြောင်း သိရှိရသည်။

အကယ်၍ ထိုင်းနိုင်ငံက စစ်ဘေးရှောင်ပြည်သူများကို လက်မခံပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ လုံခြုံဘေးကင်းသည့်နေရာ မရှိဘဲ ပိတ်မိနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article