29 C
Yangon

မြန်မာနိုင်ငံတွင် တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ အဓိက လည်ပတ်နေဆဲဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာဟု အမေရိကန်ထောက်လှမ်းရေး သတိပေး

Must read

🟥 မြန်မာနိုင်ငံမှ ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်စိတ်ကြွဆေးပြားများက အိမ်နီးချင်းနိုင်ငံများသာမက အင်ဒိုပစိဖိတ် ဒေသတစ်ခုလုံး၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေ

ရန်ကုန်၊ မတ် ၁၉

မြန်မာနိုင်ငံတွင် တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ အဓိက လည်ပတ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကြောင်း အမေရိကန်ထောက်လှမ်းရေးက သတိပေးလိုက်သည်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ အထူးကော်မတီသို့ တင်သွင်းသည့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ၂၀၂၆ ခုနှစ်အတွက် အမေရိကန်အပေါ် ခြိမ်းခြောက်မှု အန္တရာယ်အကဲဖြတ် ဆန်းစစ်ချက် နှစ်စဉ်အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ပျက်ပြားလာမှုနှင့်အတူ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Scam) များအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ အကြီး အကျယ် ဖြစ်ထွန်းရာ ဗဟိုချက်ဖြစ်လာနေကြောင်း ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (Cyber Scams) နှင့် လူကုန်ကူးမှုများ အကြီးအကျယ် အမြစ်တွယ်နေကြောင်း ဖော်ပြထားသည်။

အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများသည် အမေရိကန်နိုင်ငံသားများအပါအဝင် တစ်ကမ္ဘာလုံးကို ပစ်မှတ်ထား ငွေလိမ်နေသည့် Massive Cyber-scam Operations များ အခြေစိုက်ရာနေရာ ဖြစ်လာနေကြောင်း၊ အဆိုပါလုပ်ငန်းများကို အကောင် အထည်ဖော်ရန်အတွက် လူကုန်ကူးမှု (Human Trafficking) ကို အသုံးချနေပြီး၊ လစာကောင်းသည့် နည်းပညာအလုပ်များဟု မက်လုံးပေးကာ ဖမ်းဆီးခေါ်ဆောင်လာသူများကို အတင်းအဓမ္မ ခိုင်းစေနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ငွေလိမ်ဂိုဏ်းများကို တရုတ်နိုင်ငံနှင့် ဆက်နွှယ်သည့် ရာဇဝတ်ဂိုဏ်းများ (Chinese-linked criminal syndicates) က အဓိက ကြိုးကိုင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ကျားဖြန့် စင်တာများအား နှိမ်နင်းရန် ဖိအားပေးခဲ့သော်လည်း တရုတ်နှင့် ဆက်နွှယ်နေသည့် ရာဇ၀တ်ဂိုဏ်းများသည်သာ ကျားဖြန့် တရားမဝင် ဗဟိုချက်များကို အဓိက ပုံဖော်မောင်းနှင်နေသူများအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်အုပ်စု၏ နယ်မြေစိုးမိုးမှုများမှာ တဖြည်းဖြည်း လက်လွှတ်ဆုံးရှုံးလာနေပြီး တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားနေခြင်းက တရားမဝင် စီးပွားရေးလုပ်ငန်းများ ထွန်းကားရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။

စစ်တပ်အနေဖြင့် နယ်မြေစိုးမိုးမှု ဆုံးရှုံးလာသည်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှု (Airstrikes) များကိုသာ အဓိက အားကိုးလာရပြီး ၎င်းကြောင့် အရပ်သား သေဆုံးမှု မြင့်တက်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာနေသည်ဟု အစီရင်ခံစာကဆိုသည်။

စစ်ကောင်စီတပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုနှင့် စစ်သည်အင်အား စုဆောင်းရန် ခက်ခဲမှုများကြောင့် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် စစ်ရေးအရ ပိုမိုဖိအားပေးခံနေရကြောင်း သုံးသပ်ထားသည်။

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်မှုများသည် အိမ်နီး ချင်းနိုင်ငံများသာမက အင်ဒိုပစိဖိတ် ဒေသတစ်ခုလုံး၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် “ရာဇဝတ်ဂိုဏ်းများ၏ ခိုလှုံရာ (Sanctuary)” ဖြစ်လာနေကြောင်း သိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ စီးပွားရေး အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ကြိုးပမ်းနေသလို၊ တစ်ဖက် တွင်လည်း နယ်စပ်ဒေသမှ ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ဖိအားပေးနေသည့် ရှုပ်ထွေးသော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article