29 C
Yangon

ပြည်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်အေးမင်း ဦးဆောင်၍ လူငယ်များကို ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၆၀ ဖြင့် ပြန်ရွေးခိုင်း၊ စလင်းနှင့် ပွင့်ဖြူတွင်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာ

Must read

ရန်ကုန်၊ မတ် ၁၉

ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်အေးမင်း ဦးဆောင်၍ လူငယ်များကို ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ်သိန်း ၆၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပျူစောထီး ခေါင်းဆောင် အေးမင်း ဦးဆောင်သော အဖွဲ့က ပြည်မြု့နယ် သဲကုန်းအုပ်စု လင်းပယ်ရွာမှ လူငယ်တစ်ဦး နေမကောင်း၍ အိုးဝေငှားပြီး ဆေးခန်းသွားပြစဉ် အိုးဝေ ယာဉ်မောင်းနှင့် လူငယ်ကိုပါ အေးမင်းဦးဆောင်သော ပျူစောထီးအဖွဲ့က ဝိုင်းဝန်းရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် အိုးဝေယာဉ်မောင်းကို ယင်းနေ့ ညပိုင်းတွင် ငွေကျပ် သိန်း ၆၀ ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဆေးခန်းသွားပြသည့် လူငယ်ကို လက်ရှိချိန်ထိ ပေါ်တာဆွဲ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အေးမင်းတို့ အဖွဲ့က ကားပေါ်ကနေ ကွမ်းတံတွေးနဲ့ ဆေးခန်းသွားပြမယ် လူငယ် ကောင်လေးကို လှမ်းထွေးတာ အဲလိုတမင်ထွေးတော့ လူငယ်ကလည်း စိတ်တိုပြီးပြန်ပြောတာကို တုတ်တွေနဲ့ ဆင်းရိုက်ပြီး အိုးဝေယာဉ်မောင်းကော လူငယ်ကော ပေါ်တာဆွဲ ဖမ်းသွားတာ ဒီကောင်တွေ အခုနောက်ပိုင်း ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတဲ့ အဆင့်ထိပါ လုပ်လာပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့တွင်လည်း ပြည်မြို့နယ် ပြည်-အောင်လံ ကားလမ်းရှိ မြောင်းငယ်လှရွာထိပ်တွင် ဇီးအုပ်မြို့ပြ စီမံကိန်း၌ အလုပ်လုပ်ပြီး ပြန်လာသော လူငယ် ၂ ဦးကိုလည်း ပျူစောထီး ခေါင်းဆောင် အေးမင်းအဖွဲ့က Alphard ကားဖြင့် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့တွင် ကျေးရွာများနှင့် လမ်းဆုံတို့တွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီ လူငယ် ၅ ဦးကို ရိုက်နှိက်ကာ ပေါ်တာဆွဲဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၁၇၀ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ပြည်သူ့ ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့တွင် စလင်းမြို့နယ် ပေါင်းနားရပ်ကွက်မှ အမျိုးသား လူငယ် ၂ ဦးသည် လယ်တောသို့ အလုပ်သွားလုပ်ရာ အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်ဖမ်းဆီးထားသူများကို လက်ရှိချိန်တွင် စလင်းမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကာ ယနေ့ အချိန်ထိ မိဘများနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ထို့ပြင် မတ်လ ၁၈ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် မဲဒီးကုန်းလမ်းဆုံတွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများကို စောင့်ဆိုင်းပြီး လူငယ်အမျိုးသားများကို စစ်ဆေး၍ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ ထိုအကြမ်းဖက် စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးခံသူများသည် နဘဲကုန်းကျေးရွာမှ ပြည်သူ ၂ ဦး နှင့် ရွာသစ်ကုန်းကျေးရွာမှ ပြည်သူ ၁ ဦးတို့ ဖြစ်ပြီး ပွင့်ဖြူရဲစခန်းအချုပ်တွင် ချုပ်နှောင်ထား၍ မိဘများထံသို့ ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကြေးဖြင့် လာရောက်ရွေးရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော နဘဲကုန်းကျေးရွာမှ လူငယ် ၂ ဦးကို၁ ဦး လျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရပြီး ရွာသစ်ကုန်းကျေးရွာမှ အမျိုးသား လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၁၇၀ ဖြင့် ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်မြို့နယ်တွင် လူငယ်ကို ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီးခေါင်းဆောင် အေးမင်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article