30 C
Yangon

MAI နှင့် MNA ခရီးသည်တင် လေကြောင်းလိုင်းများအတွက် လေယာဉ်ဆီများကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူလိုက်သောကြောင့် လေယာဉ်ဆီ မလုံလောက်မှု ပြဿနာဖြစ်ပေါ်လာပြီး ခရီးစဉ်အများစု ဖျက်သိမ်းရပ်နားရ

Must read

ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ အဓိက တင်သွင်းဖြန့်ဖြူးနေသော NEPAS (National Energy Puma Aviation Services) က ၎င်းထံတွင် ရောက်ရှိပြီးသား လေယာဉ်ဆီများနှင့် လာရန်ရှိနေသော လေယာဉ်ဆီများကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူသွားသဖြင့် လေယာဉ်ဆီ မလုံလောက်ပြဿနာများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၊ ပြည်တွင်းလေကြောင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ စစ်ကော်မရှင်လက်အောက်ခံ NEPAS- Airport Depot Office (National Energy Puma Aviation Services)က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်သည့် ပြည်ပလေကြောင်းလိုင်းများမှ ကုန်တင်နှင့်ခရီးသည်တင်လေယာဉ်များအားလုံးကို လေယာဉ်ဆီပေး တော့မည်မဟုတ်ဟု အီးမေးလ်ဖြင့် တရားဝင် အသိပေးအကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အကြောင်း ကြားခဲ့ခြင်းမှာ စစ်တပ်က လေယာဉ်ဆီ တင်သွင်းနေသော NEPAS- Airport Depot Office (National Energy Puma Aviation Services)နှင့် လေယာဉ်ဆီတင်သွင်းနေသော ဆက်စပ်ကုမ္ပဏီများထံမှ လေယာဉ် ဆီများအားလုံးကို အတင်း အဓမ္မ တောင်းခံ သိမ်းယူသွားခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း-MAI နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း-MNA တို့အတွက် တင်သွင်းထားသော လေယာဉ်ဆီ ၆၅ ရာခိုင်နှုန်းကိုလည်း စစ်တပ်က သိမ်းယူသွားကြောင်း သိရှိရသည်။

“NEPASနဲ့ လေယာဉ်ဆီသွင်းနေတဲ့ ဆက်စပ်ကုမ္ပဏီတွေဆီမှာရှိတဲ့ လေယာဉ်ဆီ ၆၅ ရာခိုင်နှုန်းလောက်ကို တပ်က သိမ်းသွားတယ်။ နောက်ရောက်မယ့် လေယာဉ်ဆီထဲကလည်း တစ်ဝက်လောက်ကို တပ်က ထပ်တောင်းထားတယ်။ အဲဒါကြောင့် MAI နဲ့ MNA အတွက် လေယာဉ်ဆီရသွားတာ တအားနည်းသွားတာလို့ သိရတယ်” ဟု ပြည်တွင်းလေကြောင်းသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့တွင် လေယာဉ်လောင်စာဆီအခက်အခဲကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း- Myanmar National Airlines (MNA)က ပြည်တွင်းခရီးစဉ်များကို ယာယီရပ်နားလိုက်ပြီး အပြည်ပြည်ဆိုင်ရာခရီးစဉ်တချို့ကိုသာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

လေယာဉ်ဆီ ပြန်လည်ရရှိမှုပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့်အချိန်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း Myanmar National Airlines (MNA) က ပြောဆိုထားသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လလက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်လိုက်​ကြောင်း MAI က ယမန်နေ့ တရားဝင် သတင်းထုတ်ပြန်သည်။

MAI ၏ ဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ကြောင်း၊ MAI က နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်လိုက်ကြောင်း ၊ Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)၊ Business Class: 30KG (တစ်အိတ်သာခွင့်ပြု)၊ Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)၊ Excess Baggage: အများဆုံး ၅ ကီလိုဂရမ် သာ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။

MAI ၏ ကြေညာချက်တွင် ယခုအခြေအနေမှာ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိတော့ကြောင်း၊ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင် ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article