27 C
Yangon

နတ်မောက်မြို့ နဒီရွှေဝါမြို့ဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ကား ၁ စီးအပါအဝင် ကွန်ပျူတာ၊ ဖုန်းနှင့် ငွေကြေးများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၂၃

မကွေးတိုင်း၊ နတ်မောက်မြို့ နဒီရွှေဝါမြို့ဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ကား ၁ စီး အပါအဝင် ကွန်ပျူတာ၊ ဖုန်းနှင့် ငွေကြေးများ သိမ်းဆည်းရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ အဆိပ်သီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ် ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိကြီး ၁ ဦး လာရောက်မည်ဆိုသော သတင်းကြောင့် အဆိုပါ စစ်တပ်အရာရှိကြီး ၁ ဦးလိုက်ပါလာမည့် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် စစ်တပ်ဘက်မှ ကြိုတင်သိရှိခဲ့ပြီး ယာဉ်တန်းမှာ နောက်ပြန်လှည့်သွား၍ အကြမ်းဖက် စစ်တပ်အရာရှိကြီး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာခြင်းမပြုလုပ်ဘဲ နတ်မောက်မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိသော နဒီရွှေဝါမြို့ဝင်ဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို နဒီရွှေဝါမြို့ဝင်ဂိတ်သည် စစ်တပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့များကို နှောက်ယှက်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲခြင်းများ မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ထို နဒီရွှေဝါမြို့ဝင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ရှာဖွေစဉ် HUILIX SURF ကား ၁ စီး၊ ကွန်ပျူတာ ၂ လုံး၊ ဖုန်း ၈ လုံး (အမျိုးအစားအစုံ) နှင့် ပြည်သူများထံမှ မတရားကောက်ခံထားသော ငွေကျပ် ၅၁၀၀၀၀ တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက် ပကဖနှင့် နတ်မောက် ငါးပြေမပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း နဒီရွှေဝါမြို့ဝင်ဂိတ်တွင် မတ်လ ၄ ရက်နေ့ကလည်း တော်လှန်ရေးအဖွဲ့များ လိုက်ပါလာသောကားကို ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးနေသည့် အကြမ်းဖက် စစ်သားများက လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရကာ ကားလည်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article