ရန်ကုန်၊ မတ် ၂၄
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက် ၁၈ နှစ်မပြည့်သေးသော မောင်မျိုးမျိုးဇော်ကို မြို့နယ်ထွေ/အုပ် ဥက္ကဋ္ဌ ဝင်းမင်းထွန်းကိုယ်တိုင် ဦးဆောင် ဖမ်းဆီး၍ စစ်မှုထမ်းအပတ်စဉ် ၂၃ သို့ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံရသော လူငယ်၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဝင်းမင်းထွန်း ကိုယ်တိုင် ဦးဆောင်သော ပျူစောထီးများက လူငယ်များကို လိုက်လံ ဖမ်းဆီးပြီး မြို့နယ်ထွေ/အုပ်ရုံးတွင် အချုပ်ခန်းကြီးဆောက်လုပ်ကာ စစ်မှုထမ်းလူစားထိုးရောင်းစားခြင်း၊ လူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ စစ်မှုထမ်းပို့ဆောင်မည့် လူငယ်များကို ဖမ်းဆီးချုပ်နှောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှ အသက် ၁၈ နှစ်မပြည့်သေးသော မောင်မျိုးမျိုးဇော်ကို ဖမ်းဆီးကာ စုဆောင်းရေးတပ် ၉၁၀ သို့ပိုဆောင်ကြောင်း၊ ယင်းနောက် ယမန်နေ့ စတင်ဖွင့်လှစ်သည့် စစ်မှုထမ်းအပတ်စဉ် ၂၃ သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးကို မြို့နယ်ထွေ/အုပ်ဥက္ကဋ္ဌ ဝင်းမင်းထွန်းကိုယ်တိုင် ဦးဆောင်ဖမ်းဆီးကာ စစ်မှုထမ်းအပတ်စဉ် (၂၃) သို့ ပို့ဆောင်လိုက်ကြောင်းနှင့် လူငယ်များကို ဖမ်းဆီးချုပ်နှောင်ကာ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ကာယကံရှင်များနှင့် မိသားစုဝင်များထံမှ သိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဝင်းမင်းထွန်း ဦးဆောင်သော ပျူစောထီးအဖွဲ့များသည် လူငယ်များကို လိုက်လံဖမ်းဆီးပြီး မြို့နယ်ထွေ/အုပ်ရုံးတွင် အချုပ်ခန်းကြီးတစ်ခု ဆောက် လုပ်ကာ စစ်မှုထမ်းလူစားထိုး ရောင်းစားခြင်း၊ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းပို့ရန် ချုပ်နှောင်ထားခြင်းများကို အဓမ္မလုပ်ဆောင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သင်ပန်းကုန်းရပ်ကွက်မှ အသက် ၁၈ နှစ်မပြည့်သေးသည့် မောင်မျိုးမျိုးဇော်ကို ဖမ်းဆီးခဲ့ပြီး ၉၁၀ စုဆောင်းရေးတပ်သို့ ပို့ဆောင်ကာ ယမန်နေ့က စတင်ဖွင့်လှစ်သည့် စစ်မှုထမ်းအပတ်စဉ် ၂၃ ထဲသို့ အတင်းအဓမ္မ ထည့်သွင်းလိုက်ကြောင်း၊ လူငယ်များကို ဖမ်းဆီးပြီး ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အချုပ်ခန်းဖြင့် ထားရှိ ချုပ်နှောင်ထားကြောင်း သိရသည်။
“ကျနော့်ကို လာခေါ်တုန်းက စစ်မှုထမ်းရမယ်လို့ ပြောပြီး ခေါ်တာမဟုတ်ဘူး။ လမ်းမှာတွေ့လို့ ဖမ်းတာ။ ဖမ်းပြီးတော့ အုပ်ချုပ်ရေးမှူးရုံးမှာ နာမည်မထိုးရသေးတဲ့ စစ်မှုထမ်းစာရွက်အထပ်လိုက်ကြီးထဲက ၂ ရွက်ကိုယူပြီး အတင်းလက်မှတ်ထိုးခိုင်းတယ်။ မထိုးရင် ထိပ်တုံးခတ် ရိုက်နှက်မယ်ဆိုတော့လည်း အသားအနာမခံနိုင်လို့ လက်မှတ်ထိုးပေးလိုက်ရတာ။ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ လူက ၁၀ ယောက် လောက်ပဲ ရှိသေးတယ်။ တကယ်ကို ဆိုးဆိုးဝါးဝါးပဲဗျာ။ စစ်မှုထမ်းလို့သာ ပြောတာ၊ သူခိုးဂျပိုးတွေလို အချုပ်ခန်းထဲမှာ ပိတ်သိပ်ထားတာ။”ဟု သင်ပန်းကုန်းရပ်ကွက်မှ ဖမ်းဆီးခံရသော လူငယ်တစ်ဦးက ရှင်းပြသည်။
ပြည်ကြီးတံခွန်မြို့နယ် ထွေ/အုပ်ရုံးရှိ တည်ဆောက်ထားသော အချုပ်ခန်းထဲတွင် သင်ပန်းကုန်း၊ ကံကြီးကုန်း၊ ယာတော်၊ တောင်မြင့်၊ တံခွန်တိုင်၊ မြောက်ဦးရင်၊ နံသာ၊ အေးဇရပ်နှင့် ငွေတော်ကျီကုန်း ရပ်ကွက်များမှ ဖမ်းဆီးခံထားရသော လူငယ် ၃၅ ယောက်ဝန်းကျင် ရှိနေကြောင်း သိရသည်။
စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးထားသော လူငယ်များကို အကျဉ်းသားကဲ့သို့ ထားရှိသည့်အပြင် ကျွေးမွေးသည့် အစားအသောက်များမှာလည်း အလွန်ညံ့ဖျင်းကြောင်း သိရှိရသည်။
“ကျွေးတဲ့ဆန်တွေက ဆန်ပိုးတွေ အများကြီးပဲ။ ပိုးနံ့စော်နံလို့ စားတောင်မစားနိုင်ဘူး။ ဟင်းချက်တဲ့ ကြက်သွန်နီတွေ၊ ခရမ်းချဉ်သီးတွေဆိုတာလည်း အပုပ်တွေပဲ။ အမဲသားဟင်းဆိုရင်လည်း အသားတစ်တုံးမှမပါဘဲ အရွတ်တွေ၊ အဆီတုံးတွေပဲ ကျွေးတာ။ အချုပ်ခန်းမှာ လူ ၃၀ ကျော်တော့မှ လူငယ် ၂၀ ကို ခွဲပြီး စုဆောင်းရေးတပ် ၉၁၀ လို့ခေါ်တဲ့ မဲကင်းကုန်း စုဆောင်းရေးတပ်ထဲ ပို့လိုက်တာ။”ဟု ဖမ်းဆီးခံလူငယ်တစ်ဦးက ရှင်းပြသည်။
ထို့ပြင် ဖမ်းဆီးခံရသူများထဲမှ ငွေပေးနိုင်သူများကို ပြန်လွှတ်ပေးကာ ငွေညှစ်မှုများလည်း ရှိနေကြောင်း သိရသည်။
“ဘယ်က ဆွဲလာမှန်းမသိတဲ့ မန်နေဂျာတစ်ယောက်ဆို ဖုန်း ၂ လုံးနဲ့ ပိုက်ဆံ ၁၃ သိန်းကျော် ပါလာတာကို မြို့နယ်ဥက္ကဋ္ဌ ဝင်းမင်းထွန်းက အကုန်သိမ်းသွားတယ်။ ပြီးတော့ အိမ်တွေကို ဖုန်းဆက်ခိုင်းပြီး ငွေတောင်းခိုင်းတယ်။ ပေးနိုင်တဲ့လူတွေကတော့ လွတ်ကုန်တာပေါ့။ ဝင်းမင်းထွန်းဆိုရင် လူတစ်ယောက်တည်းဆီကတင် သိန်း ၂၇၀ ရသွားတာ။ သင်ပန်းကုန်းက မျိုးမျိုးဇော်ဆိုတဲ့ ကလေးဆိုရင်လည်း အသက်က ၁၈ တောင် မပြည့်သေးဘူး။ သေနတ်က သူ့ဂျိုင်းလောက်ပဲ ရှိတာကို စစ်ထဲဆွဲထည့်လိုက်တာ။ သူတို့ကတော့ အောက်ခြေမှာ ဘာဖြစ်နေဖြစ်နေ ဂရုမစိုက်ဘူး၊ ၉၁၀ စုဆောင်းရေးကို လူအပြည့်ရောက်ဖို့ပဲ အဓိကပဲ။”ဟု စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရသည့် လူငယ်က ရှင်းပြသည်။
လက်ရှိတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ထွေ/အုပ်ရုံးတွင် စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးခံထားရသူများထဲတွင် ဆယ်တန်းအောင်သူများ၊ ဘွဲ့ရလူငယ်များနှင့် အဝေးသင်တက္ကသိုလ် တက်နေသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- တိုက်ပုံအစိမ်းဝတ်ထားသူမှာ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဝင်းမင်းထွန်းဖြစ်သည်။




