28 C
Yangon

နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုကြောင့် ကုန်စည်ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများပါ အကျပ် အတည်းဆိုက်နေပြီး မှောင်ခိုစျေးကွက်တွင် စက်သုံးဆီတစ်ပီပါလျှင် သိန်း ၂၀ ကျော်အထိ စျေးတက်

Must read

ရန်ကုန်၊ မတ် ၂၄

မြန်မာနိုင်ငံတွင် စက်သုံးဆီရရှိမှု ခက်ခဲလာခြင်းနှင့်အတူ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်ပေါ်နေပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း စရိတ်စက အဆမတန်မြင့်မားလာကာ လုပ်ငန်းခွင်ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်ဒေသမှ တောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကုန်တင်ကားများ စက်သုံးဆီ လုံလောက်စွာမရရှိသဖြင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံသို့ အကူအညီတောင်းခံထားရသည်။

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်မသွားစေရန်နှင့် တန်ဆာခနှုန်းထားများ မတက်လာစေရန်အတွက် သက်ဆိုင်ရာ စစ်ကောင်စီအဖွဲ့အစည်းများ၊ ဆီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

လုပ်ငန်းရှင်များက ကုန်တင်ကားအမျိုးအစားအလိုက် (ဥပမာ – ၆ ဘီးကား ၁ ဂါလံ ၁၀ မိုင်နှုန်း၊ ၂၂ ဘီးကား ၁ ဂါလံ ၆ မိုင်နှုန်း စသဖြင့်) ဆီခွဲတမ်းရောင်းချပေးရန် တင်ပြထားသော်လည်း လက်ရှိအချိန်အထိ တိကျသော အဖြေမရရှိသေးဘဲ အစည်းအဝေးများသာ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယ်ဒေသများတွင် အခြေအနေမှာ ပိုမိုဆိုးရွားနေပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်းမြို့ နယ်များတွင် စက်သုံးဆီ တစ်ဂါလံလျှင် ငွေကျပ် ၅ သောင်း အထိ စျေးတက်လာနေပြီး တောင်သူများအနေဖြင့် ရေစုပ်စက်နှင့် ထွန်စက်များအတွက် ဆီဝယ်ယူရန် ခက်ခဲနေပြီး ဆီဆိုင်များက ပုံးဖြင့် ဝယ်ယူခြင်းကို ခွင့်မပြုသောကြောင့် လုပ်ငန်းခွင်များ ရပ်နားထားရကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းနှင့် အခြားဒေသများတွင်လည်း ဒီဇယ်တစ်ပီပါလျှင် ၁၆ သိန်းမှ ၂၃ သိန်း အထိ မှောင်ခိုစျေးကွက်တွင် ပေးဝယ်နေရသည်။

ထိုသို့ စျေးကြီးပေးဝယ်နေရသဖြင့် လယ်စက်မောင်းခ၊ စပါးရိတ်ခနှင့် ဆန်ကြိတ်ခွဲခများ မြင့်တက်လာကာ နောက်ဆုံးတွင် စားသုံးသူပြည်သူများသာ အထိနာမည့်အခြေအနေ ဖြစ်နေသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်သုံးဆီ အခက်အခဲကို ဖြေရှင်းရန်အတွက် ဆန်စက်များတွင် ဆိုလာ (Solar Panel) စနစ်များ တပ်ဆင်ကြရန်၊ တောင်သူများအနေဖြင့် ဆိုလာရေစုပ်စက်များကို ပြောင်းလဲအသုံးပြုရန်၊ ရိတ်သိမ်းခြွေလှေ့စက်များအတွက် လိုအပ်သောဆီကို ဦးစားပေးဖြန့်ဝေပေးနိုင်ရေး ရပ်ကွက်/မြို့နယ် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းရန် တိုက်တွန်းထားသော်လည်း ယင်းတိုက်တွန်းချကများမှာ လက်တွေ့ ပြဿနာကို မဖြေရှင်းနိုင်ကြောင်း သိရှိရသည်။

သို့သော်လည်း ဆိုလာစနစ်တပ်ဆင်ရန် အရင်းအနှီးကြီးမားခြင်းနှင့် လက်ရှိတွင် အစိုးရက စက်သုံးဆီကို “စုံ/မ” စနစ် ဖြင့် ကန့်သတ်ရောင်းချနေခြင်း၊ ပုံး/ပီပါဖြင့် ရောင်းချမှုကို တားမြစ်ထားခြင်းတို့ကြောင့် မှောင်ခိုစျေးကွက်သာ ပိုမိုကြီးထွားလာပြီး အမှန်တကယ် လိုအပ်နေသော တောင်သူများနှင့် ကုန်ကားသမားများမှာ ဆီဝယ်ယူရန် အခက်တွေ့နေရဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်ကမူ စက်သုံးဆီကို ခြိုးခြံချွေတာရန် သတင်းထုတ်ပြန်ထားပြီး စျေးတင်ရောင်းချသူများကို တိုင်ကြားနိုင်ကြောင်း အသိပေးထားသော်လည်း မြေပြင်တွင် ဆီပြတ်လပ်မှုနှင့် စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများက အကြီးအကျယ် ခံစားနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article