ရန်ကုန်၊ မတ် ၂၄
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပုရွာမှ ပြည်သူ ၁ ဦးသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာသည့် တွေ့ရှိပြီး ထွက်ပြေးစဉ် စစ်သားများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းထိုးရာကျေးရွာအတွင်းရှိ လူငယ်များကိုလည်း လိုက်လံ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်း ကျောက်တံခါးရွာ၊ ရွှေစည်တိုင်ရွာ၊ ဒေါင်းလည်ရွာ အနီးတဝိုက်တွင် စစ်ကြောင်း တစ်ကြောင်း နှင့် ဝဲလောင်တိုက်နယ်အတွင်း အေးရွာတွင် အထိုင်ချထားသော စစ်တပ် စစ်ကြောင်းသည်လည်း စိတ္ထိန်းရွာလမ်းခွဲထိ စစ်ကြောင်းများ ဖြန့်ထားပြီး အနီးအနားရှိရွာများကို စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ပစ်သတ်ခံရတာ တောင်ပုရွာက လူငယ် ၁ ဦးကို စစ်ခွေးစစ်ကြောင်းက ပစ်သတ်သွားတာ ခွေးစစ်ကြောင်းမြင်တော့ လူငယ်က ထွက်ပြေးတာကို အနောက်ကနေ လိုက်ပစ်လို့ ပွဲချင်းပြီးသေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးစစ်ကြောင်းတွေက အခုထိ တပ်ဖြန့်ထားတုန်းပဲ ရွာတွေကို ပတ်မွှေတာတွေ လုပ်ဆောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မတ်လ ၆ ရက်နေ့ကလည်း ကျောက်ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ် လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေ၍ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဖိုးတကျေးရွာတွင်းကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၆ လုံး ထိမှန် ပျက်စီး ခဲ့ကြောင်း၊ အလားတူ ရွှေတဲစုကျေးရွာအတွင်းကိုလည်း ဒရုန်းဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ နေအိမ် ၈ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ရွှေခါးမိုကျေးရွာ အတွင်းကို ဒရုန်းဖြင့် ၄ ကြိမ် လာရောက် ဗုံးကျဲခြင်းကြောင့် ချရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၂ ရက်နေ့တွင် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဒလဆိပ်ကျေးရွာအတွင်းကို ၆ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးကာ လိန်ပင်ဝဲကျေးရွာဘေးရှိ ဆီစက် ၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၁၇ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ သဲဖြူရွာဟောင်း၊ သဲဖြူရွာသစ်၊ ရွှေတဲဆုရွာ၊ ပေါက်ကုန်းရွာ၊ ဇရပ်ခင်ရွာ၊ နံဇလေးရွာ ၊ ရွာသာယာရွာ ၊ သစ်တဲရွာ၊ နံဇရွာ နှင့် တလဲခင်ရွာ မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ရွှေကျင်မြို့နယ်တွင်လည်း မတ်လ ၂၁ ရက်နေ့၌ အကြမ်းဖက် စစ်တပ်က Y-12 ဖြင့် ၁ ကြိမ် လာရောက်ဗုံးကျဲခဲ့ရာ အသက် ၄၇ နှစ်အရွယ် စောသေးလာဟေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က မတ်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ အရပ်သား ပြည်သူများရှိရာနေရာများကို Y-12 ဖြင့် ၂၃ ကြိမ် ၊ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ် ၃၀ ၊ ဒရုန်းဖြင့် ၄ ကြိမ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများစွာ ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။






