28 C
Yangon

နေပြည်တော်အဝင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရေနီမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေ

Must read

ရန်ကုန်၊ မတ် ၂၄

ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ နေပြည်တော်အဝင် အကြမ်းဖက် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရေနီမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသစပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝရဇိန်တပ်ဖွဲ့က “Operation Fly Over Urban (Yae Ni)” အဖြစ် အဆင့်မြင့် အသေခံ ဒရုန်း များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ နေပြည်တော် အခြေစိုက် ခလရ ၄၁၁ တပ်ရင်း၊ ခလရ ၄၁၂ တပ်ရင်းနှင့် ဆွာမြို့ အခြေစိုက် ခမရ ၁၉ တပ်ရင်း၊ ခလရ ၈၄ တပ်ရင်းတို့ ပူးပေါင်းထားသော စစ်ကြောင်းသည် ရေတာရှည်မြို့နယ်၊ ရေနီမြို့ အနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေနီမြို့အနီးရှိ ကျေးရွာများ အပါအဝင် အေးကြီးရွာ၊ ထိပ်ပေါက်ရွာ၊ ကံသာရွာ၊ ကံလှရွာနှင့် ရဲကုန်းရွာ များကို လှည့်ပတ် စစ်ကြောင်းထိုးနေပြီး ရဲကုန်းရွာမှ ပြည်သူ ၃ ဦးကိုလည်း စစ်တပ်က လမ်းပြအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ယင်းစစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများလည်း လုပ်ဆောင်နေကာ ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“လတ်တလော ရေနီဘက်ကြောမှာ စစ်ခွေးစစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေတယ်။ အခု ခွေးစစ်ကြောင်းက ရေနီ ၊ အေးကြီး၊ ထိပေါက်၊ ကံသာ၊ ကံလှနဲ့ ရဲကုန်း ဘက်ကို ရောက်နေတယ်။ စစ်ခွေးတွေက ပြည်သူတချို့ကိုလည်း လမ်းပြခိုင်းဖို့ ဖမ်းထားတယ်။ ရဲကုန်းရွာက ပြည်သူ ၃ ဦးတော့ လမ်းပြဖို့အတွင် ဖမ်းထားတယ်။ စစ်ခွေးစစ်ကြောင်းက လက်ရှိအချိန်ထိ ပတ်ထိုးနေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းသည် နေပြည်တော်အဝင်ဂိတ် တိုက်ခိုက်ခံရသော ဖြစ်စဉ် အပါအဝင် နေပြည်တော် လွှတ်တော်ခေါ်ယူနေခြင်း၊ မတ်လ ၂၇ ရက်နေ့တွင်လည်း စစ်ရေးပြ အခမ်းအနားကို အဝေးထိန်း အသေခံဒရုန်းဖြင့် တိုက်ခိုက်မည်ကို စစ်တပ်က စိုးရိမ်နေခြင်းကြောင့် စစ်ကြောင်းထိုး တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article