ရန်ကုန်၊ မတ် ၂၄
အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော မည်သည့်လွှတ်တော်နှင့် အစိုးရကိုမျှ လက်ခံမည်မဟုတ်ဘဲ နွေဦးတော်လှန်ရေး အောင်ပန်းဆင်နိုင်ရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်သွားကြရန် စစ်ကိုင်းဒေသသပိတ်အင် အားစုက တိုက်တွန်းနှိုးဆော်လိုက်သည်။
မတ်လ ၂၁ ရက်နေ့နှင့် မတ်လ ၂၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၏ ဒုတိယအကြိမ် ညီလာခံတွင် အဖွဲ့ဝင်အဖွဲ့အစည်း ၂၉ ဖွဲ့မှ ကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ခဲ့ပြီး အနာဂတ်တော်လှန်ရေး အရွေ့များအတွက် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။
ညီလာခံ၏ သဘောထားထုတ်ပြန်ချက်တွင် “အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် မည်သည့်လွှတ်တော်၊ မည်သည့်အစိုးရကိုမျှ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု အနေဖြင့် လက်မခံကြောင်း အတည်ပြုသည်” ဟု ပြတ်သားစွာ ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခင်းအကျင်းများနှင့်အညီ အခြားတော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ တော်လှန်ရေးအောင်မြင်မှုများကို ထုဆစ်သွားမည်ဖြစ်သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်တွင် ပေါ်ပေါက်လာပြီးဖြစ်သော ကြားကာလအစိုးရကိုလည်း လူထုအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် စဉ်ဆက်မပြတ် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တော်လှန်ရေးတစ်ရပ်လုံးအတွက် ကောင်းမွန်သော အရွေ့များ ဖြစ်ပေါ်လာစေရန် “စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” (Political Platform) ပေါ်ပေါက်လာရေးအတွက် မိတ်ဖက်အင်အားစုများနှင့် ပူးပေါင်းကြိုးပမ်းသွားမည်ဟု ဆိုသည်။
နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်သည် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုပေါ်တွင် မူတည်နေကြောင်း ညီလာခံက မီးမောင်းထိုးပြခဲ့သည်။
“ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်သော အင်အားသည် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးပါဆုံးသော အခန်းကဏ္ဍမှာ ရှိနေပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ပါဝင်ကူညီမှုတိုင်းသည် တော်လှန်ရေးအား အဆုံးအဖြတ်ပေးမည့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်သည်နှင့်အညီ၊ စစ်ရေးနှင့် နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်ရာတွင် လူထုလှုပ်ရှားမှု လမ်းစဉ်အတိုင်း အရှိန်အဟုန်မြှင့် ပါဝင်ကြပါရန် တိုက်တွန်းလိုပါတယ်” ဟု သပိတ်အင်အားစုက တိုက်တွန်းထားသည်။
အဆိုပါညီလာခံတွင် ကျန်ရှိနေသေးသော တော်လှန်ရေးကာလများအတွက် လူထုဗဟိုပြု တိုက်ပွဲဝင်သွားရန် သုံးသပ်ပြင်ဆင်ခဲ့ကြပြီး လုပ်ငန်းကော်မတီများကိုလည်း ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မတီများတွင် အထွေထွေလုပ်ငန်းကော်မတီ၊ လူထုတိုက်ပွဲ မြှင့်တင်ရေးကော်မတီ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ နည်းပညာနှင့် အထောက်အကူပြုကော်မတီတို့ပါဝင်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုအနေဖြင့် လူထု၏လိုလားချက်များကို လက်တွေ့ကျကျ အကောင် အထည်ဖော်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုလမ်းစဉ်ကို ကိုင်စွဲကာ အောင်ပွဲရသည်အထိ မဖောက်မပြန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။




