28 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ကျေးရွာ ၁၄ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၂၄

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ကျေးရွာ ၁၄ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မတ်လ ၂၂ ရက်နေ့က စတင်ပြီး ပေါက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများနှင့် ကပစ ၂၄ စက်ရုံမှ စစ်သားများသည် ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် ပေါက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းကလည်း ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ကျေးရွာ ၁၄ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ပေါက်မြို့ပေါ်က စစ်ခွေးတွေကတော့ စစ်ကြောင်းထွက်လာမရှိသေးဘူး။ ဒါပေမယ့် ကျေးရွာတွေကို နေ့တိုင်းနီးပါးကို စစ်ခွေးတွေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေလို့ ပြည်သူတွေ တိမ်းရှောင်နေရတာပါ။ စစ်ခွေး စစ်ကြောင်းက မြို့ပေါ်ကနေ ထွက်လာဖို့တော့ ပြင်ဆင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မတ်လ ၉ ရက်နေ့ကလည်း ပခုက္ကူ တပ်မ ၁၀၁ မှ ပေါက်မြို့နယ် ကပစ ၂၄ လက်နက်စက်ရုံသို့ လာရောက်သော အကြမ်းဖက် စစ်တပ် ရိက္ခာပို့စစ်ကြောင်းကြောင့် ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ထောင်နှင့်ချီသော ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း၊ ထို ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတလျှောက် လိုက်လံ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုင်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေါက်မြို့နယ်သို့ လာရောက်သည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article