ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ သောင်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၇ ဦးထိရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော A-5 Bomber ဂျက်ဖိုက်တာ ၁ စီးက သောင်းကြီးကျေးရွာအတွင်းကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ခန့်ရှိကြောင်း၊ ထိုထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာပြင်းထန်သော ပြည်သူ ၃ ဦးသည် ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
“သေဆုံးသူက အားလုံးပေါင်း ၇ ဦးထိ ရှိသွားပြီလို့ သိရတယ်။ ဒဏ်ရာရထားတာလည်း ၂၀ ကျော်လောက်ရှိတယ်။ ဒဏ်ရာရတဲ့ထဲမှာ စိုးရိမ်ရတဲ့ သူတွေလည်းရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အလားတူ မတ်လ ၂၀ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မြောင်မြို့နယ်အတွင်းရှိ နဘက်စံပြကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်တဲရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၂ စီးသည် မုံရွာမြို့နယ်၊ ညောင်ပင်တဲရွာအနီး ကြက်သွန်စိုက်ပျိုးရေး လုပ်ဆောင်နေသော ပြည်သူများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ တဲအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ပြည်သူ ၃ ဦးကတော့ စိုးရိမ်ရတယ်။ တဲတွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။





