ရန်ကုန်၊ မတ် ၂၅
ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDFကို မူးယစ်ဆေးဝါးနှင့်ပတ်သက်သည်ဟု အိန္ဒိယမီဒီယာများက စွပ်စွဲဖော်ပြမှုကို ပြင်းထန်စွာ တုံ့ပြန်ကန့်ကွက်ကြောင်း CNO က ကြေညာချက်ထုတ်ပြန်သည်။
ချင်းအမျိုးသားအဖွဲ့အချုပ် (CNO) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ချင်းအမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (CNDF) တို့အပေါ် အိန္ဒိယမီဒီယာတစ်ခုဖြစ်သည့် “The Quint” တွင် ဖော်ပြထားသော မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုဆိုင်ရာ စွပ်စွဲချက်များကို အခြေအမြစ်မရှိသော လုပ်ကြံဖန်တီးမှုများဖြစ်ကြောင်း ၊ မကြာသေးမီက “The Quint” သတင်းဌာန၌ ဖော်ပြခဲ့သော “Inside NIA Arrests: A Global Web of Drugs & War Driving Conflict in Northeast” အမည်ရှိ ဆောင်းပါးတွင် CNDF ၏ စစ်ဆင်ရေးများကို မူးယစ်ဆေးဝါးလုပ်ငန်းများမှ ရရှိသည့် ငွေကြေးဖြင့် ထောက်ပံ့နေကြောင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးကွန်ရက်များနှင့် ဆက်နွှယ်နေကြောင်းနှင့် နိုင်ငံခြားသာသနာပြုအဖွဲ့များက ထောက်ပံ့နေကြောင်း စွပ်စွဲဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ CNO က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ကုန် သွယ်ခြင်းနှင့် အားပေးကူညီခြင်းများတွင် လုံးဝ (လုံးဝ) ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဒေသတွင်း တည် ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကိုသာ လိုက်နာဆောင်ရွက်နေကြောင်း တရားဝင် တုံ့ပြန်ကြေညာသည်။
အဆိုပါ သတင်းဆောင်းပါးတွင် CNO ၏ ဒုတိယဥက္ကဋ္ဌ (၁) ဆလိုင်းပီတာထန် (Salai Peter Thang) သည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားမှုအပေါ် CNO က လုံးဝပယ်ချခဲ့သည်။
ဆလိုင်းပီတာထန်အနေဖြင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထားသော နိုင်ငံခြားသားများနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဖူးခြင်း၊ ဆက်သွယ်ဖူးခြင်း မရှိကြောင်းနှင့် ယခု ကဲ့သို့ အမည်တပ် စွပ်စွဲခြင်းမှာ အများပြည်သူကို လမ်းမှားရောက်စေရန် ရည်ရွယ်သည့် မသမာသော လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CNO အနေဖြင့် “The Quint” သတင်းဌာနအား အဆိုပါ မှားယွင်းသော စွပ်စွဲချက်များကို ချက်ချင်းဖယ်ရှားပေးရန်နှင့် တရားဝင် အမှားပြင်ဆင်ချက် ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။
အကယ်၍ ယင်းဂုဏ်သိက္ခာညှိုးနွမ်းစေသော ဖော်ပြချက်များကို ဖြေရှင်းပေးခြင်းမရှိပါက ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားရန် အခွင့်အရေးကို လက်ဝယ်ရှိကြောင်း သတိပေးထား သည်။
ချင်းအမျိုးသားအဖွဲ့အချုပ်အနေဖြင့် ချင်းလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုံခြုံရေးအတွက် နိုင်ငံရေးအရ ရိုးသားစွာ ရပ်တည်နေသောအဖွဲ့အစည်းဖြစ်ပြီး အချက်အလက်အမှန်များ သိရှိနိုင်ရန်အတွက်လည်း အမြဲတမ်း ပွင့်လင်းစွာ ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဂျွန်ဒေးဗစ် (John David) က အတည်ပြု ပြောကြားသည်။




