ရန်ကုန်၊ မတ် ၂၅
အကြမ်းဖက် စစ်တပ်က စက်သုံးဆီချွေတာရန် ယနေ့မှစတင်၍ ဗုဒ္ဓဟူးနေ့တိုင်း ဝန်ထမ်းများအားလုံးကို အိမ်မှ အလုပ်လုပ်ခိုင်းသော်လည်း ဝန်ထမ်းများတွင် ကွန်ပျူတာမရှိ၍ ငုတ်တုတ်ထိုင်နေရကြောင်း နေပြည်တော်မှ ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှု ထမ်းများကို သက်ဆိုင်ရာရုံးဌာနများသို သွားရောက်ခြင်းမပြုဘဲ မိမိ နေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာ လိုက်ကြောင်း၊ ထိုသို သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများ မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
“ဒီနေ့စပြီး Work From Home လုပ်ရပါတယ်။ မီးလည်းပျက်နေတယ်။ ပြီးတော့ ရုံးက ကွန်ပျူတာနဲ့ Laptop စီစဉ်ပေးတာလည်းမရှိပါဘူး။ Work From Home ဆိုပြီး ပူပူလောင်လောင် ထိုင်ယပ်ခတ်နေရတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် အခြားဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးကလည်း ငလျင်ကြောင့် ပြန်လည်နေရာချထားသော ကွန်တိန်နာ အိမ်လုံးငယ်များအတွင်း ဗုဒ္ဓဟူးနေ့ ရုံးမတက်ရသောကြောင့် ဝန်ထမ်းများအားလုံး ရာသီဥတုပူပူတွင် ဒုက္ခခံနေရသည်ဟု ပြောဆိုသည်။
“ရုံးမှာကတော့ ကွန်တိန်နာပုံးထဲကလောက် မပူဘူး။ ဒီနေ့ ရုံးမတက်ရတော ကွန်တိန်နာပုံးအိမ်ထဲမှာလည်း နေလို့မရဘူး။ အရိပ်ရှာပြီး နေရတယ်။ နေကလည်း မနက် ၇ နာရီ ၈ နာရီလောက်ကတည်းက တအားကို ပူနေတာ” ဟု အဆိုပါ ဝန်ထမ်းက ရှင်းပြသည်။
လက်ရှိ ရန်ကုန်အပါအဝင် မြို့ကြီးများအားလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေ ဆိုးရွားလာနေပြီး ဆီဆိုင်များတွင် စက်သုံးဆီအလုံးစုံ မရရှိတော့ကြောင်း၊ မနက် ၆ နာရီမှ ညနေ ၄ နာရီဝန်းကျင်ဆိုလျှင် ဆီဆိုင်များ ဆီကုန်ပြီဟုဆိုကာ ပိတ်သိမ်းနေကြကြောင်း သိရှိရသည်။
“ရန်ကုန်မှာတော့ ဆီဆိုင်တွေရှေ့မှာ ညအိပ်ပြီးတော့ စောင့်တာကို ကားက အစီးရေ ရာချီတယ်။ ဆီဆိုင်တွေကလည်း ဒီဇယ်ရရင် 92 ၊ 95 ဓာတ်ဆီမရဘူး။ အဲဒီလိုတွေဖြစ်နေတယ်။ တစ်ရက်ထက် တစ်ရက် ပိုပိုပြီးတော့ ဆိုးလာတယ်။ ဆီဆိုင်တွေအားလုံးမှာ အနည်းဆုံး တန်းစီနေတာက ကားစီးရေ ရာဂဏန်းအထက်ပဲ။ တစ်နေ့ကို ဆီတန်းစီတာက ၅ နာရီ၊ ၆ နာရီလောက် အချိန်ပေးရတယ်။ အဲဒါကိုတောင် ဆီကရတော့ ၁၅ လီတာပဲရတယ်” ဟု ရန်ကုန်မြို့မှ တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
ဆီဆိုင်တချို့ကလည်း ဆီတင်သွင်းသူများက ဆီခွဲတမ်းများ ချမတော့သဖြင့် ဆီဆိုင်များတွင် ဆီများ ပြတ်လပ်နေပြီး ရှိရင်းစွဲ ဆီကို ချွေတာရောင်းချနေရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုသည်။
ဆီဆိုင်ပိုင်ရှင်တချို့၏ အဆိုအရ လာမည့်ရက်ပိုင်းအတွင် ဆီစျေးနှုန်းများ ထပ်မံမြှင့်တင်ရန် စစ်တပ်က လုပ်ဆောင်နေကြောင်း သိရှိရသည်။






