37 C
Yangon

မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံနေရာအများစု ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း မီးသတ်အဖွဲ့များနှင့် မီးငြိမ်းသတ်ရေး ကူညီခဲ့သော ပရဟိတအဖွဲ့တချို့ထံမှ သိရှိရသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အမှတ် (C1, C2)၊ မြေဧရိယာ (၃၆၆၂၂.၈၈) စတုရန်းမီတာပေါ်ရှိ Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံမှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းပြီးနောက် မီးသတ်တပ်ဖွဲ့များက လာရောက်ငြိမ်းသတ်ခဲ့သော်လည်း နံနက် ၃ နာရီ ၃၀ မိနစ်အချိန်အထိ မီးလောင်ခဲ့ကာ နံနက် ၄ နာရီဝန်းကျင်အချိန်မှ မီးလုံး၀ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“စက်ရုံက တစ်ရုံလုံးနီးပါးပဲ မီးလောင်ကျွမ်းပျက်စီးတာ။ မနက် ၂ နာရီခွဲကျော်လောက်မှာ မီးစထိန်းနိုင်တယ်။ ဒါပေမယ့် မီးက အတွင်းမှာ လှိုက်ပြီး လောင်နေတာ။ မနက် ၃ ခွဲကနေ ၄နာရီလောက်မှ မီးအားလုံး ငြိမ်းတယ်။ မီးသတ်ရဲဘော်တချို့လည်း ဒဏ်ရာရတာရှိတယ်။ စက်ရုံကတော့ ပြန်လည်လည်ပတ်လို့ မရလောက်တော့ဘူး” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

အဆိုပါမှန်ဘီလူးစက်ရုံမှာ ၂၀၁၇ ခုနှစ်တွင် အင်အားပြည့် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အလုပ်သမား ၅၀၀၀ နီးပါး အလုပ်လုပ်နေသော စက်ရုံဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းမရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစက်ရုံက မှန်ဘီလူး (Lens) များကို အဓိက ထုတ်လုပ်နေခြင်းဖြစ်ပြီး ကင်မရာမှန်ဘီလူးများ၊ BMW နှင့် Mercedes Benz ကဲ့သို့သော ကမ္ဘာကျော် မော်တော်ယာဉ်များတွင်ပါ ထည့်သွင်းအသုံးပြုသော မှန်ဘီလူးများ အပါအဝင် မှန်ဘီလူးအမျိုးမျိုးကို ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ CMP စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article