ရန်ကုန်၊ မတ် ၂၇
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ကြောင်း CDF-Asho က သတင်းထုတ်ပြန်သည်။
မတ်လ ၂၅ ရက်နေ့၊ နံနက် ၀၀ နာရီ ၀၅ မိနစ်အချိန်တွင် ငဖဲမြို့နယ်၊ မန်းချောင်း (ခေါ်) ကြောင်နွားသိုးဆည်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် အထိုင်ချ တပ်စွဲထားရာမှ မန်းချောင်းဆည်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ မန်းချောင်းဆည် ရေပိုလွှဲ၏ အရှေ့ဘက် မီတာ ၉၀၀ ကျော်အကွာရှိ နေရာတစ်ခုတွင် ယာယီတပ်စွဲထားစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့သည် မန်းချောင်းဆည်အနီးရှိ ကပစ ၁၄ နှင့် ငဖဲမြို့ပတ်ဝန်းကျင်နေရာများကို နယ်မြေရှင်းလင်းရေးပုံစံဖြင့် လှုပ်ရှားနေသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
နာရီဝက်ခန့်ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF-Asho ၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီဘက်မှ အထိနာခဲ့သော်လည်း လက်နက်ခဲယမ်း သိမ်းဆည်းရရှိခြင်း မရှိခဲ့ပေ။
စစ်တပ်က ငဖဲမြို့ပေါ်တွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး ငဖဲမြို့ပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်များက အချင်းချင်းပစ်ခတ်၍ တိုက်ပွဲအတုများ ဖန်တီးနေသည်ဟု သတင်းများ ထုတ်လွှင့်နေသည်။
ယခုတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့က ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




