ရန်ကုန်၊ မတ် ၂၈
မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ၁ နှစ်အကြာ အီရန်စစ်ပွဲကြောင့် ငလျင်ဘေးသင့်ပြည်သူများ ဝမ်းရေးဒုက္ခနှင့် ထပ်မံရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည် ။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် တစ်နှစ်ပြည့်မြောက်သည့်အချိန်တွင်၊ ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းနေရသည့် ဒေသခံပြည်သူများမှာ အခက်အခဲသစ်များနှင့် ထပ်မံရင်ဆိုင်နေကြရကြောင်း ၊လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထိခိုက်လွယ်သော မိသားစုများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေစေခြင်းဖြစ် ကြောင်း သိရှိရသည်။
WFP ၏ နောက်ဆုံးရ လေ့လာသုံးသပ်ချက်များအရ ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်နိုင်မှုအခြေအနေသည် အလွန်အားနည်းနေသေးကြောင်း ၊ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်းတို့တွင် အိမ်ထောင်စု ၆ စုလျှင် ၁ စုသည် စားနပ်ရိက္ခာမဖူလုံမှုဒဏ်ကို အလယ်အလတ်အဆင့်မှ ပြင်းထန်အဆင့်ထိ ခံစားနေကြရဆဲဖြစ်ကြောင်း သိရှိရသည်။
အိမ်ထောင်စုအားလုံး၏ ထက်ဝက်ခန့်မှာလည်း စားနပ်ရိက္ခာဖူလုံရုံမျှသာဖြစ်သည့် တစ်နေ့စာ တစ်နေ့လောက်ငှရုံသာ အခြေအနေတွင်ရှိနေသည့်အတွက် အနည်းငယ်မျှသော ထပ်ဆင့်ရိုက်ခတ်မှုမျိုးကိုပင် တောင့်ခံနိုင်စွမ်း မရှိကြကြောင်း၊ ၎င်းထပ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ယခုစတင်ခံစားနေရပြီ ဖြစ်ကြောင်း သိရှိရသည်။
“ငလျင်ဘေးကနေ အခုမှပြန်ပြီး အားယူရုန်းထနေရတဲ့ ပြည်သူတွေဟာ နောက် ထပ်ထိုးနှက်ချက်တစ်ခုကြောင့် ပြန်ပြီး အလဲထိုးခံလိုက်ရသလိုဖြစ်နေပါတယ်။ အခုလို ကမ္ဘာ့အရေးအခင်းအသစ်တွေရဲ့ ဂယက်က မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံးအချိန်မှာမှ လာပြီးရိုက်ခတ်လိုက်တာဖြစ်ပါတယ်။” ဟု WFP ၏ မြန် မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည် ။
လက်ရှိတွင် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ကာ မြန်မာနိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည် ။ စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းသည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ယူပို့ဆောင်ရေးကုန် ကျစရိတ်ကို မြင့်တက်စေပြီး၊ ၎င်းသည် အခြေခံစားနပ်ရိက္ခာကိုပင် မနည်းဖြေရှင်းနေရသည့် မိသားစုများအပေါ် ထပ်ဆင့်ဝန်ပိစေသည်ဟု WFP က ဆိုသည်။
ယခုအကျပ်အတည်းသည် မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ တောင်သူလယ်သမားများကိုလည်း ရိုက်ခတ်လျက်ရှိကြောင်း၊ လာမည့်သုံးလအချိန်အတွင်း မြေဩဇာလိုအပ်ချက် မြင့်တက်လာမည်ဖြစ်ရာ၊ စက်သုံးဆီပြတ်လပ်မှုနှင့် သွင်းအားစုကုန်ဈေးနှုန်း မြင့်မားလာခြင်းကြောင့် စိုက်ပျိုးစရိတ်မှာ ယမန်နှစ်ကထက် နှစ်ဆအထိ မြင့်တက်သွားမည့် အန္တရာယ်ရှိနေကြောင်း သိရှိရသည်။
အဆိုပါ ထပ်ဆင့်ရိုက်ခတ်မှုများသည် ပဋိပက္ခနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အဆိုးရွားဆုံး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး လူဦးရေ ၁၂ ဒသမ ၄ သန်း (သို့မဟုတ် နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့်) လတ်တလော ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်ကြောင်း WFP က ဆိုသည်။
လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း WFP သည် ငလျင်ဘေးသင့်ပြည်သူ ငါးသိန်းထံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ပေးအပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ WFP သည် အရေးပေါ်ကူညီကယ်ဆယ်ရေးအဆင့်မှသည် ရေရှည်တည်ငြိမ်မှုကို ဖော်ဆောင်ပေးနိုင်မည့် ရပ်ရွာလူထုပိုင် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ပေးသည့် အဆင့်သို့ ကူးပြောင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ ၁ ဒသမ ၅ သန်းကို အသက်ကယ်ဆယ်ရေး အကူအညီများနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အထောက်အပံ့များပေးရန် အမေရိကန်ဒေါ်လာ ၁၅၀ သန်း ရန်ပုံငွေ လိုအပ်လျက်ရှိကြောင်း၊ လုံလောက်သော ရန်ပုံငွေမရရှိပါက WFP အနေဖြင့် အရေးပေါ် အသက်ကယ်ဆယ်ရေးလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ရတော့မည်ဖြစ်ပြီး၊ ငလျင်ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် အကူအညီအပေါ် ရေရှည်မှီခိုနေရမှုကို လျော့ပါးစေမည့်လုပ်ငန်းများကို လျှော့ချရဖွယ် ရှိနေကြောင်း သိရှိရသည်။
“မြန်မာပြည်သူတွေဟာ ပဋိပက္ခ၊ ရာသီဥတုဘေးအန္တရာယ်၊ အင်အားပြင်းငလျင်ကြီးနဲ့ အခု ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်း စတဲ့ ရိုက်ခတ်မှုတွေကို တစ်ခုပြီးတစ်ခု ကြံ့ကြံ့ခံကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူတို့နဲ့အတူ အခုရပ်တည်ပေးကြရပါမယ်။ ငလျင်ဘေးအပြီး တစ်နှစ်အကြာမှာ သူတို့တွေ နောက်ထပ်တစ်ကြိမ် ပြန်ပြီးလဲပြိုမသွားစေဖို့ လိုအပ်ပါတယ်” ဟု Mr. Dunford က ပြောသည်




