27 C
Yangon

နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တောင်ကြီးမြို့ နာရီစင်ညဈေးကို ဖျက်သိမ်း၍ ကားပါကင် ဆောက် လုပ်မည်ဖြစ်သဖြင့် သင်္ကြန်အပြီး ဆိုင်ခန်းများနေရာဖယ်ရှားပေးရန် ညွှန်ကြား

Must read

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်

ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့ရှိ အထင်ကရ နာရီစင်ညဈေးတန်းတွင် ရောင်းချနေကြသည့် ဈေးသည်များအနေဖြင့် လာမည့် မဟာသင်္ကြန်ကာလအပြီး ဧပြီလ ၁၈ ရက်နေ့ကို နောက်ဆုံးထား၍ နေရာဖယ်ရှားပေးရန်နှင့် ဈေး၏မြောက်ဘက်ရှိ ကုန်သည်လမ်းသို့ ပြောင်းရွှေ့ရန် စစ်တပ် လက် အောက်ခံ စည်ပင်က ကြီးကြပ်သော ညဈေးတန်းကြီးကြပ်မှုကော်မတီက ညွှန်ကြားထားကြောင်း သိရှိရသည်။

အဆိုပါ တပင်ရွှေထီးလမ်းရှိ ညဈေးနေရာတွင် အထပ်မြင့်ကားပါကင်တစ်ခု ဆောက်လုပ်ရန်အတွက် စီမံကိန်းရှိနေသဖြင့် ညဈေးအား ဖျက်သိမ်းခိုင်းခြင်းဖြစ်ပြီး၊ နေရာသစ်ဖြစ်သော ကုန်သည်လမ်းတွင် ပြန်လည်ရောင်းချလိုသည့် ဈေးသည်များအနေဖြင့် လျှောက်လွှာများ ပြန်လည်တင်သွင်းကြရန် ဈေးသည်များထံမှ သိရသည်။

အဆိုပါပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့က တောင်ကြီးမြို့တော်ခန်းမတွင် ညဈေးတန်းကြီးကြပ်မှုကော်မတီနှင့် ဈေးသည်များ တွေ့ဆုံအစည်းအဝေးပြုလုပ်ကာ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဈေးသည်များဘက်မှ နေရာပြောင်းရွှေ့ရမည့်အပေါ် ကျေနပ်မှုမရှိကြဘဲ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ဈေးသည်တစ်ဦးက ၎င်းတို့အနေဖြင့် နေရာမဖယ်ချင်သော်လည်း အစည်းအဝေးတွင် အပိုင်ပြောဆိုကာ ယာယီနေရာသို့ ရွှေ့ခိုင်းခြင်းဖြစ်ကြောင်း၊ လျှောက်လွှာတင်မှသာ နေရာပြန်ရမည်ဟု ပြောဆိုထားကြောင်း ပြောဆိုသည်။

၎င်းအပြင် အခြားဈေးသည်တစ်ဦးကလည်း ယခင်က ညဈေးတွင် သွပ်မိုးခြင်းနှင့် အိမ်သာဆောက် လုပ်ခြင်းတို့ကို လမ်းမပေါ်ဖြစ်၍ ခွင့်မပြုခဲ့ဘဲ ယခုအခါ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခြင်းအပေါ် မေးခွန်းထုတ်ခဲ့သော်လည်း အစည်းအဝေးတွင် မေးမြန်းပြောဆိုခွင့် မရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

နေရာပြောင်းရွှေ့ရပါက ဈေးသည်များသာမက ၎င်းတို့ကို မှီခိုနေရသည့် သက်ကြီးရွယ်အိုများ၊ ကျောင်း သားများနှင့် စစ်ရှောင်များပါ အခက်အခဲဖြစ်နိုင်သည့်အပြင်၊ နေရာသစ်တွင် ဖောက်သည်များ ပြန် လည် ရရှိရန် ခဲယဉ်းနိုင်ခြင်းနှင့် အမှိုက်သိမ်းဆည်းရေး၊ ရေသွန်ရန်ကိစ္စရပ်များတွင်လည်း အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ကြောင်း ဈေးသည်များက သုံးသပ်ထားကြသည်။

အဆိုပါ နာရီစင်ညဈေးသည် ၁၉၉၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သက်တမ်း ၃၂ နှစ်ကျော်ရှိပြီဖြစ်သော တောင်ကြီးမြို့၏ သမိုင်းဝင် အထင်ကရနေရာတစ်ခု ဖြစ်သည်။

လက်ရှိတွင် ဆိုင်ခန်းပေါင်း ၉၆ ခန်းရှိကာ ဈေးသည်များက နေ့စဉ် အမှိုက်ခွန်နှင့် ဈေးကောက်အဖြစ် ၁,၅၀၀ ကျပ်စီ ပေးဆောင်၍ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article