ရန်ကုန်၊ မတ် ၂၈
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် မြိုင်ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မီးသတ်စခန်းကို မြိုင်ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၂၃ ရက်နေ့ တိုက်ခိုက်မှု အတွင်း သရက်ကွ ပျူစောထီးရွာမှ ပြောင်ရွေ့လာသော ပျူစောထီး ၂ ဦး ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ ပစ်ခတ်မှု အတွင်း စစ်သား ၁ ဦး ကျည်ထိမှန်ကာ နံရိုးထုတ်ခြင်းပေါက် ဒဏ်ရာဖြင့် ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရှိရသည်။
“မြိုင်မြို့ပေါ်က စစ်ခွေးတွေ အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ အမြန်ဆုံး ပူးပေါင်းဖို့ ပြောချင်တယ်။ မပူးပေါင်း နိုင်ရင် လုံခြုံအောင်သာ နေထိုင်ဖို့ ပြောချင်တယ်။ မြို့ပေါ် ပြောက်ကျားစစ်ကတော့ တောက်လျှောက်ရှိနေမယ်။ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ်ဆိုရင်လည်း အမြဲတမ်း ကြိုဆိုနေပါတယ်” ဟု မြိုင်ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
မြိုင်ပကဖ သည် အကြမ်းဖက် စစ်တပ်ကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို တိုက်ခိုက်သွားမည်ဖြစ်ပြီး ရရာနည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် မြိုင် ပကဖ ကျားဇိုးတပ်ခွဲမှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




