ရန်ကုန်၊ မတ် ၂၉
မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်မှုများအား အရေးယူပေးရန် မြန်မာ့အရေးသုတေ သန အဖွဲ့ -BRI က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တိုက်တွန်းလိုက်သည်။
မြန်မာ့အရေးသုတေသနအဖွဲ့ (BRI) ကိုယ်စားလှယ်အဖွဲ့က မတ်လ ၂၅ ရက်နေ့ အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Mark Walker နှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ထွက်ရှိခဲ့သည့် “မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် ဘာသာရေးလွတ်လပ်ခွင့် ပြင်းထန်စွာ ချိုးဖောက်ခံရမှုများ” အစီရင်ခံစာပါ အချက်အလက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး BRI အဖွဲ့က အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်တပ်က ခရစ် ယာန်ဘာသာဝင်များအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” နှင့် “စစ်ရာဇဝတ်မှု” များအဖြစ် သတ်မှတ်ရန် တောင်းဆိုသည်။
ယင်းအပြင် စစ်တပ်ကြီးစိုးထားသော မြန်မာနိုင်ငံကို “အထူးစိုးရိမ်ရသည့်နိုင်ငံ” (CPC) အဖြစ် ဆက်လက်သတ်မှတ်ပြီး ဘာသာရေးဖိနှိပ်မှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရန်၊ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် BRI အဖွဲ့က ဆက်လက်တောင်းဆိုသည်။
ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ထံသို့လည်း အိတ်ဖွင့်ပေးစာကိုလည်း BRI က ပေးအပ်ခဲ့သည်။
အမေရိကန် နှစ်ခြင်းခရစ်ယာန်အသင်းတော်များ (ABCUSA) ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းနှင့် BRI ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ Reverend Dr. Robin Stoops က “ကျနော်တို့ ပေးပို့လိုက်တဲ့စာအပေါ် ဝန်ကြီး ရူဘီယိုအနေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဧပြီလအစောပိုင်းတွင် စစ်ကောင်စီက ပြုလုပ်ရန်ပြင်ဆင်နေသည့် အရပ်သားအစိုးရအတုအယောင် ကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦး က “အမေရိကန်အစိုးရအနေနဲ့ ဒီစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာမျိုး၊ အသိအမှတ်ပြုတာမျိုး မလုပ်သင့်ပါဘူး။ သူတို့ဟာ အရပ်သားတွေမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ပဲ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။
BRI ၏ အမှုဆောင်အရာရှိချုပ် ဆလိုင်းဇိုတမ်မှုန်း (Zo Tum Hmung) ကလည်း “မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့အတွက် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကျွန်တော်တို့ ဒီအစီရင်ခံစာကို ရေးသားခဲ့တာပါ။ အကြံပေးပုဂ္ဂိုလ် Mark Walker က ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို အလေးအနက်ထား စဉ်းစားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
စစ်တပ်ကြီးစိုးထားသော မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အက် ဥပဒေ အရ အထူးစိုးရိမ်ရသည့်နိုင်ငံအဖြစ် ၂၄ နှစ်ဆက်တိုက် သတ်မှတ်ခံထားရသော်လည်း လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ အားနည်းနေဆဲဖြစ်ကြောင်း BRI က ထောက်ပြထားသည်။






