ရန်ကုန်၊ မတ် ၂၉
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁ နှစ်ပြည့်မြောက်မည်ဖြစ်သော ကြောင့် သာယာဝတီအကျဉ်းထောင်အတွင်းရှိ အဆောင်များတွင် ဘာသာပေါင်းစုံအလိုက် မေတ္တာပို့ဆုတောင်းခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကို တရားဝင်ပြုလုပ်ခဲ့ကြကြောင်း သိရှရသည်။
အဆိုပါ ဆုတောင်းပွဲကို မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ နံနက် ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြပြီး အခြားအဆောင်များတွင်လည်း သက်ဆိုင်ရာ အစီအစဉ်များအလိုက် မေတ္တာပို့ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
” ငလျင်လှုပ်တာ ၁ နှစ်ပြည့်တဲ့အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကို ကျနော်တို့ ၆/၇ ဆောင်မှာ တရားဝင်လုပ်ခွင့်ရပြီး ၇/၂ က ဗုဒ္ဓဘာသာတွေ မေတ္တာပို့ ဆုတောင်းတယ်၊ ၆/၁ ဆောင်က မူဆလင်တွေ ဆုတောင်းဝတ်ပြုတယ်၊ ၇/၄ က ခရစ်ယာန် ဆုတောင်းတယ်။ ဟိန္ဒူဘာသာကတော့ ဗုဒ္ဓဘာသာနဲ့ပဲ ပေါင်းပြီး မေတ္တာပို့ ဆုတောင်းမှာပါ။ ကျွန်တော်တို့ အဆောင်ကတော့ မနက် ၉ နာရီ ကနေ ၁၀ နာရီ အထိ မေတ္တာပို့ဆုတောင်းတယ်။ အခြားအဆောင်တွေလည်း သူအစီအစဉ်နဲ့ သူလုပ်ပါတယ်” ဟု အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။
သာယာဝတီအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းထောင်အတွင်း ဖိနှိပ်မှုများကြားမှ မြန်မာနိုင်ငံတော်အတွင်း ကျရောက်ခဲ့သည့် ဘေးဒုက္ခများအတွက် ယခုကဲ့သို့ စုပေါင်းဆုတောင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် ပြည်သူပေါင်း ၄,၂၀၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃,၆၈၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃၅၁ ဦး ပျောက်ဆုံးခဲ့ရသည့်အပြင် နေအိမ်ပေါင်း ၃,၄၀၀ ခန့်၊ ဘာသာရေးအဆောက်အအုံ ၃,၉၃၀ ခန့်နှင့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား အပါအဝင် အခြေခံအဆောက်အအုံပေါင်း ၆,၅၀၁ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် သေဆုံးခဲ့ရသော ပြည်သူများကို စုပေါင်းသဂြိုလ်ခဲ့စဉ်။




